Mettananda Library-CALM

Mettananda Library-CALM Welcome everybody who come the Mettananda Library. There is the books of encyclopedias, 000-900 series of books, magazines, newspapers and other leaflets.

Mettananda Library have about 20,000 units of books as well as multimedia cassette tapes. As a Buddhism Monastery Library, there is the Buddhism books written in English and Myanmar. Wi-fi free zone for library service and everybody may join with their mobile devices. Three tablets and two desktop computers are available for public service. Children corner and English section are the parts of the

Mettananda Library. Sometimes there is a discussion for mobile information service and sequence trainings for children. Other religion persons such as Christian, Hinduism, Islamic and other people come to library for their needs.

 #စလယ်ဝင်အိုးလေးမှ......သည်။သူနဲ့ကျမရဲ့အိမ်ထောင်ဦး အစများမှာတော့ စလယ်ဝင်ထမင်းအိုးလေးနဲ့ စခဲ့ကြတယ်။ကျမတို့ မြို့သစ်ဖက်မှ...
23/05/2022

#စလယ်ဝင်အိုးလေးမှ......သည်။

သူနဲ့ကျမရဲ့အိမ်ထောင်ဦး အစများမှာတော့ စလယ်ဝင်ထမင်းအိုးလေးနဲ့ စခဲ့ကြတယ်။

ကျမတို့ မြို့သစ်ဖက်မှာ
နေကြတယ်။

လျှပ်စစ်မီး ဝါကျင်ကျင်လေးနဲ့အခန်းလေးတစ်ခန်းကို
စပေါ်တစ်ထောင့်ငါးရာ
အိမ်လခခြောက်ဆယ်ပေးရတယ်။

ဒန်အိုးထဲကို ဆန်နို့ဆီဗူးနှစ်လုံးထည့်ပြီးမီးသွေးမီးဖိုလေးပေါ်မှာတည်ရတယ်။

လင်မယားနှစ်ယောက်ထဲဆိုတော့
ဆန်နှစ်လုံးချက်ရင်တနပ်စာလောက်ငှတယ်။

သူကမြို့ထဲကသူဌေးဆီမှာ အလုပ် လုပ်တယ်။

လခ ရှစ်ရာကျပ် ရတယ်။
ရံဖန်ရံခါ အပိုငွေအနည်းငယ်ရတယ်။

အိမ်ထောင်ကျပြီး နှစ်နှစ်လောက်အကြာမှာတော့
ကျမ ကိုယ်ဝန်ရှိလာခဲ့တယ်။

ကျမတို့နှစ်ယောက်စလုံး အလွန်ပျော်ကြတယ်။

သားဦးကိုယ်ဝန်ဆိုတော့ ပထမဆုံး အတွေ့အကြုံလေ။

ဟိုလူကပြောတာဝယ်လိုက်။

ဒီလူကပြောတာနားထောင်လိုက်နဲ့ရင်ခုန်ရဆုံးအချိန်တွေပေါ့။

ယောင်္ကျားလေးလားမိန်းခလေးလားဆိုတာ မသိနိုင်တော့ ပိုပြီးစိတ်လှုပ်ရှားရတယ်။

ဒီခေတ်များမှာလို ကိုယ်ဝန်ရှိမရှိမြန်မြန်သိနိုင်တဲ့ကိရိယာလဲမရှိသေးဘူး။

ဓမ္မတာ ပျောက်သွားတယ်ဆိုကိုယ်ဝန်ရှိနေပြီလို့ပဲ မှတ်ယူလိုက်တယ်။

လစေ့လို့မွေးမှပဲ ကျားလား..မလား..သိရတော့တာ။

ခုခေတ်များတော့ ကိုယ်ဝန်လေးလလောက်ရောက်ကထဲက ကျား..မ..ခွဲခြားသိနိုင်ပြီတဲ့။

ကျမမှတ်မိပါသေးတယ်။

တော်လှန်ရေးပန်းခြံ အနားက
လှမြန်မာ ထမင်းဆိုင်မှာထမင်းစားချင်တဲ့ ချဥ်ခြင်း ကို ဘယ်လိုမှ တားဆီးလို့ မရခဲ့ဘူး။

ကျမအပျိုတုန်းက သူငယ်ချင်းအမတစ်ယောက်နဲ့ ရွှေဘထမင်းဆိုင်လို့ လူသိများတဲ့ ဆိုင်မှာထမင်း သွားစားကြတယ်။

အမှန်တော့အဲဒီဆိုင်အမည်က လှမြန်မာထမင်းဆိုင်တဲ့။

ရုပ်ရှင်မင်းသားကြီးရွှေဘရဲ့အိမ်နဲ့နီးလို့ ရွှေဘထမင်းဆိုင်လို့လူသိများတာလို့ပြောကြတယ်။

တို့စရာအစုံကိုဗန်းကြီးနဲ့ထည့်ပေးတာ။

ငပိရည် ဖျော်တာကလဲ ကောင်းတယ်။

ဟင်းချက်လက်ရာကလဲစားကောင်းလိုက်တာ။

ထမင်းစားပြီးရင်အချိုပွဲစားဖို့ကအသင့်။

ကိုယ်ဝန်ကြီးနဲ့ မြို့ထဲက ထမင်းဆိုင်မှာ ထမင်းသွားစားရတဲ့ဒုက္ခကလဲ မသေးလှဘူး။

မြို့သစ်နဲ့ ရန်ကုန်မြို့ဆိုတာ ကားစီးရတာ ကြာတယ်။

ကျမတို့ နေတဲ့နေရာက ကားလမ်းကြမ်းတယ်။

ငါးပိသာအလေးကို မြိုချထားရင်တောင် အစာကြေနိုင်လောက်တဲ့ လမ်းမျိုးပါ။

ဒါပေမယ့်လဲ နှစ်ကြိမ်လောက် ထမင်းဆိုင်မှာသွားစားပြီးတဲ့ အခါမှာတော့ ချဥ်ခြင်းကရပ်သွားတယ်။

သားကြီးကို မွေးပြီးတဲ့နောက်များမှာတော့ ကျမတို့ အိမ်လေးတစ်လုံး ဝယ်နိုင်ခဲ့တယ်။

စီးပွားရေးလေးလဲ အတန်အသင့်ပြေလည်လာတယ်။

သားကြီးလေးငါးနှစ်လောက်အရွယ်မှာတော့ စလယ်ဝင်အိုးလေးက အဆင်မပြေတော့ဘူး။

ဆန်သုံးလုံးဝင် အိုးကိုပြောင်းချက်ရတော့တယ်။

ဒီလိုနဲ့ သားကြီး ခြောက်နှစ်လောက်အရောက်မှာတော့ သမီးလေးတစ်ယောက် ထပ်မွေးတယ်။

အသားဖြူဖြူ ပါးချိုင့်လေးနဲ့သမီးလေးကို ကျမတို့ချစ်မဝ ဖြစ်ခဲ့ရတယ်။

သားကြီးက သူ့ညီမလေးကို အလွန်ချစ်တယ်။
သားတစ်ယောက်သမီးတစ်ယောက် ရှိထားပြီမို့ ကျမတို့မိသားစုလေးမှာ ပြည့်စုံနေပါပြီ။

သမီးလေး သုံးနှစ်လောက်မှာတော့ ကျမနောက်ထပ် ကိုယ်ဝန် ရှိလာတယ်။

ဒီဇင်ဘာလ ပထမပါတ်ထဲမှာသားငယ်လေးကို မွေးတယ်။

ဖိုးလမင်းကြီးလိုဝိုင်းစက်နေတဲ့မျက်နှာကြီးနဲ့ ပြုံးချိုနေတဲ့သူ့ရုပ်သွင်ကြောင့် ကျမတို့အားလုံး အချစ်တွေ ပိုခဲ့ကြတယ်။

သားငယ်လေး ကျောင်းစတက်တဲ့အရွယ်ရောက်လာတော့
ဆန်လေးလုံး ဆန့်တဲ့ လေးလုံးဝင်ထမင်းအိုးက မီးဖိုထဲမှာ
နေရာ အခိုင်အမာယူထားတယ်။

သားကြီး ကဆယ်တန်းအောင်သွားပါပြီ။

ဂုဏ်ထူးနှစ်ခုပါတယ်။

အဲဒီနေ့က ကျမစျေးကို စောစောသွားတယ်။

ကျမပြုံးနေတာပေါ့။
ရင်ထဲမှာပီတိကျနေတာ။

လူတွေကိုနှုပ်ဆက်နေမိတယ်။
သူတို့မေးချင်မေး မမေးချင်နေ။

ကျမက ကျမသားကြီးဆယ်တန်းအောင်တဲ့အကြောင်း ဂုဏ်ထူးနှစ်ခုပါတဲ့အကြောင်း ပြောတော့တာပဲ။

ကိုယ်နဲ့သိတဲ့လူတိုင်း တွေ့တဲ့လူတိုင်းကိုပြောပြချင်နေတာ။

သူတို့နားထောင်ချင်နားထောင် နားမထောင်ချင်လဲ နားထောင်။

ကျမရင်ထဲမှာ မျက်ရည်ကျလောက်အောင်ပျော်လွန်းလို့ပါ။

သူတို့အဖေကတော့ လက်သီးကြီးဆုတ်ပြီး
ဒါမှငါ့သားကြီးကွ.. ငါ့သားကြီးကွဆိုပြီးသားကြီးကိုဖက်ထားတယ်။

သူ့မျက်ဝန်းမှာဝမ်းသာလွန်းလို့
မျက်ရည်တွေဝိုင်းနေတာ ကျမမြင်လိုက်တယ်။

ညဖက်ရောက်တော့လဲ ကျမတို့နှစ်ယောက် သားကြီးရှေ့ရေးကို စိတ်ကူးယဥ်ကြတယ်။

သားကြီး တက္ကသိုလ်စတက်တဲ့နေ့ကဆို ကျမတို့လင်မယား သားကြီးကို ကြည့်လို့မဆုံး ရှု့မဆုံးနိုင်ဖြစ်ခဲ့ရတယ်။

ကျမတို့က ပညာ မတတ်ဖူးလေ။

တက္ကသိုလ်ဆိုတာ ဘယ်နားနေမှန်းတောင် မသိကြပါဘူး။

ကျမတို့သား အလှည့်ကျတော့ တက္ကသိုလ်ဆိုတဲ့နေရာကို ရောက်ပြီ။

ပညာတတ်ကြီးဖြစ်တော့မှာ။
ကျမတို့နှစ်ယောက် ကျေနပ်လိုက်တာဆိုတာလေ။

သားကြီးဘွဲ့ရသွားပါပြီ။

မိတ်ဆွေတစ်ယောက်ရဲ့အကူအညီနဲ့ ဌာနဆိုင်ရာတစ်ခုမှာအလုပ်ရသွားတယ်။

လကုန်တာနဲ့ လခကို အမေကို
အကုန်ပေးတယ်။

သူသုံးဖို့ ငွေနည်းနည်းလေးပဲပြန်ယူတယ်။

သူ့ညီမလေးအတွက် ဆံညှပ်လှလှလေးဝယ်လာတာ တွေ့တယ်။

ညီထွေးအတွက်လဲ ဘောလုံးကန်အင်္ကျီဝယ်လာတယ်။

ညီလေးနဲ့ညီမလေးကိုလဲ သူသိပ်ချစ်တယ်။

ရုံးပိတ်ရက်များဆို မီးဖိုထဲကအမေ့ဘေးမှာ ကြ က်သွန်ခွာပေးတုန်း။

သားကြီးက ကျမတို့ အတွက် အားကိုးရသူပါ။

တရက်မှာတော့သားကြီးက
သူအိမ်ထောင်ပြုတော့မယ်လို့ ကျမတို့ကို ဖွင့်ပြောပါတယ်။

ကျမတို့မအံသြ မတုန်လှုပ်ပါ။

ဟုတ်တာပေါ့လေ။
သားကြီးကအရွယ်ရောက်နေပြီပဲ။

အိမ်ထောင်ပြုရမယ့်အရွယ်ကိုရောက်နေပြီပဲ။

သားကြီးက သူအိမ်ထောင်ပြုပြီးရင်လဲ မိဘတွေနဲ့အတူနေမယ်လို့ပြောပါတယ်။

သားကြီးရဲ့စကားကြောင့်ကျမတို့ရင်ထဲမှာချမ်းသာသွားကြပါတယ်။

ကိုရင်ကတော့...
သားကြီးရေ..အဖေက သားသမီးတွေ မြေးတွေနဲ့ စုစုရုံးရုံး နေချင်တာကွ..အဖေ့ဆန္ဒပြည့်တာပေါ့...
ဆိုပြီးပြုံးပျော်နေတယ်။

သားကြီးရဲ့ မိန်းခလေးကနူးညံ့သိမ်မွေ့ပုံရတယ်။

မိသားစုဝင်တစ်ယောက်တိုးလာတဲ့အတွက်ကျမတို့ ပျော်နေကြတယ်။

ခြောက်လုံးဝင်လျှပ်စစ်ထမင်းပေါင်းအိုးက မီးဖိုခန်းမှာတစ်မိသားစုလုံးအတွက် တာဝန်ယူနေတယ်။

ထမင်းစားခန်းမှာ မိသားစုစုံစုံညီညီ ထမင်းလက်ဆုံစားခွင့်ရနေတယ်ဆိုတာကလဲ ကံကောင်းခြင်းတစ်မျိုးပါ။
ဘာပဲဖြစ်ဖြစ် ကျမတို့ပျော်ပါတယ်။

အရင်တုန်းက
သားကြီးအလုပ်ကအပြန်တွေဆိုရင် အမေ့ကို ဒီနေ့ နေကောင်းရဲ့လား။

အမေဘာတွေစားလဲ။

အဖေကော ဘယ်သွားနေလဲ။

ညီမလေး မမြင်ပါလား။

ညီထွေး စာလိုက်နိုင်ရဲ့လား။

သူ့ကသံကတအိမ်လုံးညံနေတာပါ။

ခုတော့ အလုပ်ကအပြန်မှာ စကားပြောဖို့ကြိုးစားပေမယ့် သားကြီးက ကျမတို့အနားကိုရောက်မလာခဲ့ဖူး။

ဒီအမေကတော့စကားပြောချင်လို့သူ့ကိုမျှော်နေရတာလည်ပင်းရှည်နေပြီ။

ရေချိုးဖို့အပြင်ထွက်လာတယ်။

အမေ ဘာဟင်းချက်လဲ..ဗိုက်ဆာတယ်...

ထမင်းစားပြီးတော့လဲ မိန်းမကအနားကတဖဝါးမှမခွာဆိုတော့။

အင်း....ကိုရင်ကတော့ပြောပါတယ်။

ရွှေရီရေ..ခုချိန်မှာဆံချည်တစ်မျှင်တောင်အဝေးမခံနိုင်တဲ့အချိန်လေ..မင်းဘာဖြစ်နေတာလဲ..
သား ကိုသိပ်အဖြစ်မသဲနေနဲ့...
ယောက်ခမဆိုး နာမည်ရသွားမယ်နော်...

ကျမလဲဘယ်လိုဖြစ်တယ်မသိပါဘူး။

သားသမီးထဲမှာ သားကြီးကခုမှအိမ်ထောင်စကျတယ်ဆိုတော့ကျမလဲစိတ်ထားမတတ်ဖြစ်နေတယ်နဲ့တူတယ်။

သားကြီးကလဲ
အမေနဲ့ခဏတဖြုတ်လောက်ပဲစကားပြောချိန်ရတယ်။

အမေ့အတွက် အချိန်မပေးနိုင်တော့ပါဘူး။

အမေ့နားမှာလဲအရင်လို လက်ပွန်းတတီး မနေတော့ပါဘူး။

အရင်တုန်းကဆို အမေသောက်နေကျဆေးတွေကို သူကပဲ ဝယ်လာပေးတယ်။

သွေးဆေးဆိုလဲ ဒီဆေးကတော့ ဆေးအေးမို့ အမေနဲ့တည့်တယ်။

ဒီလျက်ဆားကတော့ အငံတွေများတယ် အမေ မသောက်ရဘူးနော်။

ကိုရင့်ကိုဆိုလဲ အဖေ ဟောဒီမှာအဖေ့အတွက် သား လိမ်းဆေးကောင်းကောင်းရှာဝယ်ခဲ့တယ်။

အဖေခြေထောက်တွေ ညောင်းကိုက်တယ်ဆို။

ညအိပ်ကာနီးကျရင် သားကိုယ်တိုင်လိမ်းပေးမယ်။

မိဘအပေါ်မှာအဲဒီလိုလိမ္မာရေးခြားရှိတဲ့သားကြီးပါ။

လခထုပ်တဲ့ရက်မှာတော့ ထုံးစံအတိုင်းညီမလေးအတွက်ဆံညှပ်ကလေး ဝယ်လာပေးတယ်။

မလတ် ရေ..ဟောဒီမှာ ကလစ်ပန်းရောင်လေး..ကိုကြီးဝယ်လာတယ်..

ချွေးမလေးမျက်နှာကွက်ခနဲပျက်သွားတာမြင်လိုက်တယ်။

အိမ်အတွက်လဲကြက်ကင်ဝယ်လာတယ်ဟေ့...မိသားစုတွေအတူစားရအောင်...

ညီထွေးကအလိုက်ကန်းဆိုးမသိစွာ နဲ့သူပဲအများကြီးစားတယ်။

အရင်ကတော့ကိုယ့်မိသားစုချည်းဆိုတော့ ပြောင်ပြောင်နောက်နောက်နဲ့ လုစားကြ..အရိုးအရင်းပါမကျန် ကိုက်စားကြပေါ့။

ခုလဲညီထွေးက အိမ်မှာအငယ်ဆုံးပီပီ ကြက်ကင်ကိုသူ့အမလတ်ဆီက လုစားလိုက် သူ့အကိုကြီးဆီကယူစားလိုက်လုပ်နေတော့။

ချွေးမလေးက ဟန်ဆောင်နေတဲ့မျက်နှာထားနဲ့။

ကြက်ကင် ကိုအနည်းငယ်သာစားပြီးထသွားတယ်။

သူ သိပ်မကြိုက်ဖူးတဲ့။
သွားကိုက်လို့..တဲ့။

ကျမက လူကြီးဆိုတော့ရိပ်မိတာပေါ့။

နောက်ရက်များမှာတော့
အိမ်ကအမှိုက်တွေသွန်ဖို့စုရင်းသားကြီးတို့အခန်းထဲက
အမှိုက်ပုံးထဲမှာ။
ခေါက်ဆွဲ ဖတ်တွေ။
ကြက်ရိုးတွေ။
ငှက်ပျောခွံတွေ။
မုန့်ထုပ်တဲ့ပလပ်စတစ်
တွေ တွေ့တယ်။
ကျမသဘောပေါက်လိုက်ပါတယ်။

တနေ့တော့ အလုပ်က ပြန်လာတဲ့သားကြီးနဲ့ ခြံဝမှာ တွေ့တယ်။

ကားပေါ်က ဆင်းလာပြီး
အမေ့ကို ပြုံးပြုံးရွင်ရွှင်နဲ့စကားတွေပြောတယ်။

အမေ သားကိုထွက်ကြိုနေတာပေါ့ဟုတ်လား..ဟား..ဟား..ဟား..
ဒီမှာအမေ့ဖို့ မုန့်ဝယ်လာတယ်...

သားကြီးကအရင်လိုပဲကျမကိုရယ်ရယ်မောမော
ပြောပြောဆိုဆိုနဲ့
သူ့အိတ်ထဲကမုန်ထုပ်ကို ထုတ်လိုက်ပြီး ကျမကိုပေးတယ်။

သူ့အိတ်ကို ကျမကဆွဲပြီး အိမ်ပေါ်ကို အတူတက်ခဲ့တယ်။

ညနေဖက်ရောက်တော့ သားကြီးမိန်းမက ထမင်းထွက်မစားဘူး။

ခေါင်းကိုက်နေလို့တဲ့။

ညဖက်တရေးနိုးတော့ သားကြီးတို့အခန်းထဲက စကားသံတွေကြားရတယ်။

ကျမကွယ်ရာမှာ ရှင့်အမေနဲ့
ကျမ မကောင်းကြောင်းတွေပြောနေတာမဟုတ်လား......
ရှင့်အမေက ရှင်အလုပ်ကပြန်အလာကိုထွက်ကြိုတယ်..ရှင့်အိတ်ကိုဆွဲပြီး အိမ်ပေါ်ကိုအတူတက်လာကြတယ်..
ရှင်က ကျမမှာလိုက်တဲ့မုန့်ကို
ဝယ်လာပြီး အမေ့ကိုပေးလိုက်တယ်..
ဒါဘာသဘောလဲ..တော်ရုံပဲကောင်းတယ်နော်...

ဘုရား...ဘုရား...
ဒါဘာစကားတွေလဲ..နားမလည်တော့ပါလား..နူးညံ့သိမ်မွေ့တယ်လို့ထင်ထားတဲ့ ချွေးမလေ။

ကျမကလဲအိမ်ရှေ့အထွက် သားကြီးကလဲအလုပ်ကအပြန် တိုက်ဆိုင်သွားတာမဟုတ်လား။

ဒါရန်လုပ်စရာလား။

စကားများစရာလား။
အမေစားဖို့မုန့်ဝယ်ပေးတာကောအပြစ်လား။

သားနဲ့အမေက သူ့ကွယ်ရာမှာတောင် စကား မပြောရတော့ဘူးလား။

ခက်တော့နေပါပြီ။
ဒီမိန်းခလေးကဘာတုန်း။

ကျမ မနက်မိုးလင်းထိ ဒေါသဖြစ်နေတုန်း။

အဖေကြီးက မျက်ရိပ်မျက်ကဲပြတယ်။

ရွှေရီ..မင်းတော်လိုက်တော့..မင်းမျက်နှာကိုပြင်လိုက်တော့..တို့သားကြီးစိတ်ညစ်သွားမှာကိုထည့်တွက်ပါဦးကွာ..

ဒီလိုနဲ့ နောက်တပါတ်လောက်နေတော့
သားကြီးက သူတို့အိမ်ခွဲနေတော့မယ် တဲ့။

ကျမ မတားတော့ပါဘူး။
သူ့မှာ သူစိမ်းဖက်နေပြီလေ။

မိန်းမနဲ့ မိသားစုကြားမှာ သူလဲအနေရခက်ပါတယ်။

သူလဲ တသက်လုံးတော့မိဘနဲ့ဘယ်နေမှာလဲ။

ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်မိသားစုဘဝလေးကို တည်ဆောက်မှာပေါ့လေ။

မိဘတွေဖက်ကတော့ ဒီသားသမီးတွေနဲ့ဥမကွဲသိုက်မပျက် သက်ဆုံးတိုင်နေချင်တာပေါ့။

သဘာဝတရားကြီးကိုက မှန်ကန်လွန်းပါတယ်။

မိဘတွေအိမ်က သားသမီးတွေအတွက် ခေတ္တ နားခိုရာဆိုတာ။

သားကြီးတို့အိမ်ပြောင်းတဲ့နေ့က သူတို့နှစ်ယောက် ကျမတို့ကို ကန်တော့ကြတော့ ကျမကပြုံးပြုံးရွှင်ရွှင်နဲ့ ဆုတွေပေးလိုက်တယ်။

သူတို့အဖေကတော့ မျက်ရည်ကျလုလုဖြစ်နေလေရဲ့။

ရွှေရီ ရေ..ငါကလေ သားသမီးတွေ အိမ်ထောင်ရက်သားကျစေဦးတော့..မခွဲခွာဘဲအတူနေရမယ်လို့ထင်ထားတာ...

သားသမီးကမိဘနဲ့တသက်လုံးအတူနေရမယ်လို့ထင်ထားရင်မှားမှာပေါ့ကိုရင်ရယ်။

******************************

သမီး မလတ်ကဆယ်တန်းကိုမအောင်ရှာဘူး။

သူ့မှာပညာပါရမီနည်းတယ်။

စက်ချုပ်တဲ့လက်မှု့ပညာလေးတော့သူသင်ထားတယ်။

အပ်ချုပ်စက်လေးတစ်လုံးဝယ်ပေးထားတယ်။

အိမ်ကခန်းဆီးလိုက်ကာ၊
ခေါင်းအုံးစွပ် ၊အိမ်နေရင်းအင်္ကျီတို့ကသူ့လက်ရာတွေပေါ့။

ကျမလဲ ခုမှအငြိမ်းစားရတော့တယ်။

မီးဖိုထဲကိုဝင်စရာမလိုတော့ဘူး။

မလတ်ကပဲ စျေးသွား ချက်ပြုတ်တဲ့အလုပ်ကိုတာဝန်ယူတယ်။

ဒီနေ့မလတ် အသက်အစိတ်ပြည့်တဲ့နေ့။

မနက်စောစောထဲက ချက်ပြုတ်ပြီးဘုန်းကြီးကျောင်းကိုဆွမ်းပို့တယ်။

မိဘတွေကိုသူကန်တော့တယ်။

ကျမတို့ မထင်မှတ်ထားတဲ့စကားကိုသူပြောလိုက်တယ်။

သမီးမှာ ရည်ရွယ်ထားတဲ့သူရှိနေပြီ...ညနေကျရင်အိမ်ကိုသူလာမယ်..အဖေနဲ့အမေတို့ သူ့ကိုအကဲခတ်ပေးပါ...

အို...ဘာတွေလဲကွယ်...

မလတ်ကိုခလေးလို့ထင်နေသေးတာ။

ကိုရင်..ရှင်ဘာတွေအမူအယာပျက်နေတာလဲ..
ကြုံရမယ်လေ..တနေ့ကြုံရမယ်လို့ကျမပြောခဲ့တာမေ့နေပြီလား..

ညနေဖက်ရောက်တော့ ကောင်လေး ကအိမ်ကိုရောက်လာတယ်။

မွန်မွန်ရည်ရည်လေးပါပဲ။

ဘွဲ့ရပြီးသား ဝန်ထမ်း။
နယ်မှာတာဝန်ကျနေတယ်။

ကောင်လေးမိဘတွေနဲ့တွေ့ဆုံပြီး
မင်္ဂလာပွဲကျင်းပတယ်။

မလတ်လဲ သျှောင်နောက်ဆံထုံးပါဇာတ်လမ်း လေးပါပဲ။

ကျောက်နီ ဆွဲပြားလေးပါတဲ့ဆွဲကြိုးလေးကို မလတ်လည်ပင်းမှာကျမ ဆွဲပေးတော့ မလတ်ကငိုတယ်။

ယူသွားသမီး..အမေတို့တတ်နှိုင်တာလေးတော့ပေးလိုက်ပါရစေ..

မလတ်တို့ စီးသွားတဲ့ကားကိုမျက်စေ့တဆုံးကြည့်ပြီး မျက်ရည်ဝဲနေတာက ကိုရင်။

ငါတို့သမီးလေးက မိန်းခလေးဆိုတော့ ငါတို့နဲ့တသက်လုံးနေမယ်လို့ထင်ထားတာနော်ရွှေရီ...ခုတော့ကွာ.....

သြော်...ကိုရင်ရယ်...
သဘာဝကိုမလွန်ဆန်ချင်စမ်းပါနဲ့...ကျမကော မိဘနဲ့ တသက်လုံးနေသလား..ရှင့်နောက်ကိုလိုက်ခဲ့တာပဲ မဟုတ်လား..ခုလဲဒီလိုပဲပေါ့..
ကိုရင်..ရှင့်မလဲအတော်အသဲနုပါလား..ထစ်ကနဲဆိုမျက်ရည်ကဝဲနေပြီ..

ပြောမယ့်သာပြောရတာပါ။

အဲဒီနေ့က ကျမတို့သားအမိသုံးယောက်စလုံးညစာကိုဟုတ်တိပတ်တိမစားကြတော့ပဲတိတ်ဆိတ်စွာနဲ့အိပ်ယာဝင်ခဲ့ကြတယ်။

တစ်ယောက်ချင်းစီရဲ့ရင်ထဲမှာတော့အတွေးကိုယ်စီနဲ့ပါ။

*****************************

ကျမအဖို့ကတော့ တကျော့ပြန်မီးဖိုချောင်မင်းသမီးပေါ့။

ညီ ထွေး ဘွဲ့ရပြီးတဲ့နှစ်မှာပဲ
သင်္ဘောလိုင်းတစ်ခုမှာ အလုပ်ရတယ်။

ညီထွေး သင်္ဘောတက်သွားတာ ဆယ်လလောက် ကြာတယ်။

ပြန်ရောက်လာတော့ မိဘတွေကိုလွမ်းလို့ သတိရလို့ တဲ့။

ပိုက်ဆံ ရလို့သာ သင်္ဘောသားအလုပ်လုပ်တာပါ အမေရာ..
အိမ်ကိုလွမ်းလိုက်တာဆိုတာသေမတတ်ပဲ...

သူ့ လခတွေကိုလဲ ကျမတို့ကိုအကုန်အပ်တယ်။

ကိုရင်က..
ရွှေရီ ရေ..ညီထွေးပေးတဲ့ပိုက်ဆံတွေ ကိုသေချာစီစစ်ပြီးမှသုံးကွာ..
သူ့ခမြာသက်စွန့်ဆံဖြားပင်လယ်ပြင်မှာရှာလာရတာ..အဖိုးတန်တယ်...

သြော်...ကိုရင်ရယ်..ကိုရင်လဲ သားသမီးတွေကို ပင်ပင်ပန်းပန်းရှာဖွေကျွေးမွေးခဲ့တာပဲလေ..
ရှင့်လက်တွေ ကိုပြန်ကြည့်ပါဦး..
အသားမာတက်နေခဲ့တာ ပျောက်သွားပြီလားလို့..
ရှင့်ပုခုံးမှာလဲ ကုန်ပစ္စည်းတွေကိုထမ်းပိုးခဲ့ရလို့ ကျွဲပခုံးထနေခဲ့တာ
သတိရပါဦး...
ခုမှ မိဘကို ရှာဖွေကျွေးရသေးတဲ့ညီထွေးရတဲ့ ပိုက်ဆံက တန်ဖိုးရှိသတဲ့လား..

ရွှေရီ ရေ..ခလေးတွေရှာဖွေကျွေးတဲ့ပိုက်ဆံနဲ့ လက်ဖက်ရည်တစ်ခွက်တောင် ဝယ်မသောက်ရက်ပါဘူးကွာ..
မိကဆိုတာ သားသမီးမွေးထားရင်ရှာဖွေကျွေးရမှာပဲ..ဒါသဘာဝပဲလေ...ဒါပေမယ့် ငါရှာကျွေးခဲ့စဥ်က ငါ့သားသမီးဆိုတဲ့ မိဘတစ်ယောက်ရဲ့အသိစိတ်လေ...အခုသားသမီး ရဲ့လုပ်စာကိုစားဖို့ကျတော့ ဝန်လေးတယ်ကွ..

ညီထွေး သင်္ဘောပြန်တက်သွားပါပြီ။
အိမ်ကိုလဲ ငွေမှန်မှန် ပို့ပါတယ်။

ဒီတခေါက် သူပြန်လာတော့ ဟွန်ဒါဖစ် ကားလေးတစ်စီးဝယ်တယ်။

ကိုရင်နဲ့ကျမကို ရွှေတိဂုံ ဘုရားလိုက်ပို့တယ်။

ကိုရင်က ပြုံးနေပါလား။

ငါကအဲလိုကားလေးတစ်စီးလောက်သိပ်လိုချင်နေခဲ့တာရွှေရီရဲ့...
ခုတော့ ညီထွေးလေးကြောင့် ငါတို့ကိုယ်ပိုင်ကားစီးရပြီ..

ပျော်နေတာ။
ပျော်နေတာ။

ကိုရင့် ဘဝမှာ ပင်ပင်ပန်းပန်းရုန်းကန်ခဲ့ရတော့ ခုလိုသားသမီးအလှည့်မှာ သူကိုကိုယ်ပိုင်ကားလေးနဲ့ ဟိုဟိုဒီဒီ လိုက်ပို့ပေးတာကို ကြည်နူးနေတာ။

သားမောင်းတဲ့ကားလေးကို သူကဘေးမှာ လိုက်စီးရတာကို ကျေနပ်နေတာ။

ဒီလိုနဲ့ နောက်တခေါက်သင်္ဘောတက်ပြီးပြန်အလာမှာတော့ ညီထွေးအိမ်ထောင်ပြုဖို့ ဖြစ်လာပါတယ်။

မိဘမှာဝတ္တရားရှိတယ်လေ လုပ်ပေးရမှာပေါ့။

ညီထွေးကိုတော့ မိဘတွေနဲ့အတူနေဖို့ပြောပြရမှာပဲ။

သူတို့သားသမီးတွေမွေးဖွားလာရင်လဲ ထိန်းမယ်လေ။

ချွေးမလေးကိုလဲ သင့်အောင်ပေါင်းမယ်။

သားအငယ်ဆုံးလေးရဲ့မိန်းမဆိုတော့လဲ သမီးငယ်လေးပဲပေါ့။

ကိုယ့်သားသမီးအရင်းအချာလေးလို သဘောထားရမယ်လေ။

ဒီအိမ်ကြီးထဲမှာ မြေးတွေရဲ့ပျော်ရွှင်နေတဲ့ဟန် အဖိုးအဖွားတို့ရဲ့ရယ်မောသံတွေ သောသောညံလို့ပေါ့။

ဒါပေမယ့်
ကျမတို့ စိတ်ကူးယဥ်သလိုဖြစ်မလာခဲ့ပါဘူး။

မင်္ဂလာပွဲပြီးလို့ နောက်နေ့မှာတော့ညီထွေးတို့က အိမ်ပြောင်းမယ်လို့ပြောလာတယ်။

ဘာလို့လဲညီထွေးရယ်..ဒီမှာလဲအိမ်အကျယ်ကြီးကို..မိသားစုလဲနည်းတယ်လေ..

သူကသူ့မိဘတွေနဲ့ပဲအတူနေချင်တယ်တဲ့အမေ..
သားတို့အိမ်မှာမနေချင်ဘူးတဲ့..

ဟင်..ဒါဆို..သားကကောအမေတို့နဲ့အတူမနေချင်ဘူးလား..

ရွှေရီ..တော်လိုက်တော့..တော်တော့..သားငယ်လေးအဖြေရခက်တဲ့မေးခွန်းတွေမမေးပါနဲ့..
မိဘဆိုတာဒီနေရာမှာတားပိုင်ခွင့်မရှိဘူးကွ..သူ့ကိုငါတို့ကဆိုင်ရုံပဲဆိုင်တော့တာ..မပိုင်တော့ဘူး..
မင်းနားလည်စမ်းပါရွှေရီ..

သြော်..ဒီတခါ ကျမအလှည့်ပေါ့..
ငါးရာနှစ်ဆယ့်ရှစ်ဆိုတဲ့မေတ္တာရယ်..

ထောင့်ငါးရာနဲ့ယှဥ်လိုက်ရင်မျက်နှာငယ်ရလှချည်လား..
အမြဲအောက်ကျနောက်ကျဖြစ်ရပါလား..
ဘယ်လောက်ပဲအသဲနင့်အောင်ချစ်ခဲ့ချစ်ခဲ့နောက်ဆုံးတော့ ဒုတိယနေရာမှာပဲ ကျန်ခဲ့ပါလား..

ကျမ ရင်ထဲမှာအော်ဟစ်ပြီးသာငိုလိုက်ချင်ပါတော့တယ်။

ကားကိုပါယူသွားမယ်ဆိုလို့ကိုရင်ကမနက်စောစောထဲက အဝတ်စတစ်ခုနဲ့ကားအတွင်းအပြင်ကို
သန့်ရှင်းရေးလုပ်ပေးနေတယ်။

ကိုရင်များဝမ်းနည်းနေလားဆိုပြီးကျမအသာလေးကဲကြည့်လိုက်တယ်။

သူက လေတောင်ချွန်နေသေးတယ်။

ဟန်ဆောင်နေတာ။

အပူရုပ်ကိုဟန်လုပ်နေတယ်ဆိုတာသိတာပေါ့ ကိုရင်ရယ်။

ညီထွေးတို့ သူ့ကောင်မလေးအိမ်ကိုပြောင်းသွားကြပါပြီ။

အိမ်က ကိုရင်ကတော့ဒီတခါမျက်ရည် မကျတော့ဘူး။

နောက်ဆုံးတော့ ဒီအိမ်ကြီးထဲမှာငါတို့နှစ်ယောက်ထဲကျန်ခဲ့တာလားရွှေရီ ရယ်...
သားသမီး မြေးမြစ်တွေ အစုံအလင်နဲ့ တစုတဝေးထဲငါကနေရမယ်လို့ထင်ထားတာကွာ...
သူတို့ကို ငါတို့ဘာမှတားပိုင်ခွင့်မရှိပါလား..

သားသမီးတွေ အရွယ်ရောက်လာလို့
မိဘတွေဆီကနေထွက်ခွာသွားခဲ့တဲ့နောက်ပိုင်းမှာ
အိမ်ကြီးဟာအရင်လိုမစိမ်းလန်းတော့ပါဘူး။

ရယ်မောပျော်ရွှင်မှု့တွေပျောက်ကွယ်သွားပါတယ်။

ဘယ်သားသမီးများ ဘယ်တော့ပြန်လာဦးမလဲဆိုပြီး
မိဘအိုကြီးနှစ်ယောက်ကတော့ အထီးကျန်စွာမျှော်နေဆဲပါ။

ငယ်ငယ်တုန်းကအိပ်ယာဝင်ပုံပြင်လေးတွေပြောပြဖူးတဲ့ဟောဒီအဖေကတော့ ပုံပြင်အားလုံးကိုမှတ်မိနေပါတယ်။

ဆိတ်သားဟင်းကိုတော့သားကြီးကအလွန်ကြိုက်တယ်။

အဝါရောင်ဂါဝန်လှလှလေးဆိုမလတ်ကသိပ်ကြိုက်တာ။

အမေချက်တဲ့အုန်းနို့ခေါက်ဆွဲဆိုညီထွေးကခေါင်းမဖော်တမ်းစားတာလေ။

ဒီအမေ မမှတ်မိပဲနေပါ့မလား။

သူတို့ဆီကဖုန်းအလာကို
မျှော်နေမိပါတယ်။

ကိုယ့်ဖက်ကဆက်ချင်ပေမယ့်လည်း
သူတို့မှာအလုပ်ကတဖက်နဲ့မို့
ကိုယ့်ကိုအချိန်မပေးနှိုင်မှာစိုးလို့ ဖုန်းနံပါတ်ကို
နှိပ်ကာနီးမှာစိတ်ကိုချုပ်တည်းပြီး နေခဲ့ရတာအကြိမ်ကြိမ်ပါ။

သူတို့အလုပ်အားတဲ့တနေ့တော့မိဘတွေဆီကိုအရောက်လာကြမှာပဲလေဆိုတဲ့
မျှော်လင့်ချက်လေးနဲ့ပျော်နေ့ခဲ့ မျှော်နေခဲ့ကြတယ်။

သူတို့လာရင်ချက်ကျွေးမယ့်ဟင်းအမယ်တွေကလဲ
ဒီအမေရင်ထဲမှာအဆင်သင့်စီစဥ်ထားပြီးသားပါ။

******************************

ကိုရင်ရေ..လမ်းထိပ်ကစတိုးဆိုင်ခဏသွားဦးမယ်...

ဘာဝယ်ဖို့လဲရွှေရီ..

အိမ်ထောင်ဦးအစကလို
စလယ်ဝင်အိုးဝယ်ရမယ်လေ...
ကိုရင်နဲ့ကျမ နှစ်ယောက်ထဲဆိုတော့ အိမ်မှာရှိတဲ့ထမင်းအိုးတွေက အဆင်မပြေဘူး..
နှစ်ယောက်စာ ချက်လို့ရတဲ့စလယ်ဝင်ထမင်းပေါင်းအိုးသွားဝယ်ရမှာပေါ့ကိုရင်ရယ်...

စလယ်ဝင်အိုးလေးမှ....သည်။



#ခင်လှမြတ်ခိုင်
#လွတ်လပ်စွာshareနိုင်သည်
ူးယူခြင်းသီးခံပါ

နင်နဲ့ငါနဲ့ ကွဲမယ်ဆိုပြီး အမေ့လက်က အဖေ့ပါးကိုပိတ်ရိုက်ချလိုက်တာကိုပဲ မှတ်မိလိုက်တယ်။ဖယောင်းတိုင်က စားပွဲတင်ပေါ်မှာလဲကျသွ...
23/05/2022

နင်နဲ့ငါနဲ့ ကွဲမယ်ဆိုပြီး အမေ့လက်က အဖေ့ပါးကိုပိတ်ရိုက်ချလိုက်တာကိုပဲ မှတ်မိလိုက်တယ်။ဖယောင်းတိုင်က စားပွဲတင်ပေါ်မှာလဲကျသွားပြီး ခပ်ကြာကြာ တောက်နေပြီးမှ ငြိမ်းသွားတာ။

အဖေ့တောက်ခေါက်သံကို ကြားလိုက်ပေမယ့် အမေ့ကို ပြန်မလုပ်လိုက်ဘူးဆိုတာတော့ သိလိုက်တယ်။စားပွဲပေါ်က ထမင်းပွဲတွေနဲ့ ဟင်းပွဲတွေကို အဖေက ဒေါသကြီးကြီးနဲ့ သိမ်းကန်ချလိုက်တာ အသံတွေဆူညံသွားတာပဲ။ကျနော်နဲ့ မမက တံခါးထောင့်လေးကို ပြေးကပ်နေရတယ်။အမေနဲ့ အဖေ စကားတွေအော်ကြီးဟစ်ကျယ်နဲ့ တစ်ယောက်မဆုံးသေးဘူး တစ်ယောက်က ထအော်ကြတယ်။ဧည့်ခန်းထဲမှာ အိပ်နေတဲ့ အငယ်ကောင်က ငုတ်တုတ်ကလေးထထိုင်ပြီး ကြောင်တောင်တောင်နဲ့ လျှောက်ကြည့်​နေလိုက်လို့။အမေက လက်လှမ်းမိသမျှ ဆွဲကုတ်ချလိုက်တာ အဖေ့အင်္ကျီပြဲသွားတာပဲ။အဖေက အမေ့ရင်ဘက်ကို တွန်းထုတ်လိုက်တယ်။

နင်နဲ့မပေါင်းဘူး သူတောင်းစားလို့ အမေ့ပါးစပ်က တွင်တွင်အော်ပြီး ဗီရိုထဲက အဝတ်တွေကို အိတ်ထဲဆွဲထည့်တော့တာပဲ။ကျနော်နဲ့ မမက တစ်ယောက်လက် တစ်ယောက်တင်းတင်းဆုပ်ထားပြီး မျက်ရည်တွေ ကျနေမိတယ်။အဖေ့ပါးစပ်က သွားသွားလို့ အော်လိုက်တော့ ရင်ထဲမှာ မီးစနဲ့ထိုးခံလိုက်ရသလိုပဲ။အမေ့လက်တွေကို ပြေးဆွဲချင်စိတ်က မနည်းထိန်းထားရတယ်။

အငယ်ကောင်က အမေ့ဆီသွားဖက်တော့ အမေက ထပွေ့ချီလိုက်ပြီး အထုပ်ကိုတစ်ဖက်ကဆွဲပြီး ဆင်းမယ်တဲ့။ကျနော်နဲ့ မမဘက်ကိုလှည့်ပြီး နင်တို့လိုက်မှာလားလို့ပြောတော့ မမက အဖေ့ကို လှမ်းကြည့်လိုက်တာ သတိထားမိတယ်။နှစ်ယောက်သား ထိုင်ရာကမထတော့ အမေက ထပ်ပြောတယ် နင်တို့ဖအေကို ဒီလောက်ခင်တွယ်နေရင် အဲ့ဒီမှာနေခဲ့တဲ့။

အဲ့ဒီညက တစ်အိမ်လုံးမှောင်နေတာပဲ။အဖေရဲ့ လန်ဒန်စီးကရက်ကိုဖွာနေတဲ့ မီးရောင်က ဧည့်ခန်းထဲမှာ ရဲခနဲ ရဲခနဲနဲ့။မမနဲ့ကျနော်လည်း အိပ်မပျော်ဘူး။ဘာကိစ္စနဲ့ ရန်ဖြစ်ကြတာလည်း မသိပေမယ့် အမေထွက်သွားတော့ မောင်နှမနှစ်ယောက် ငိုကျန်ခဲ့ကြရတာ။

ဆိုက်ကားနားထိ အမေမသွားပါနဲ့လို့ ငိုပြီး လိုက်ဆွဲတော့ အမေက ဘာစကားမှပြန်မပြောဘူး။နင်တို့မလိုက်ရင် ဘေးဖယ်တဲ့။အငယ်ကောင်က ဘာမသိညာမသိနဲ့ ကျွန်တော့်ကို ကိုကို လာထိုင်လို့ ဆိုက်ကားပေါ်ကနေလှမ်း ခေါ်တယ်။အမေ့ကိုတင်နင်းသွားတဲ့ ဆိုက်ကားထွက်သွားတော့ ကျွန်တော်နဲ့မမက အမေ မသွားပါနဲ့လို့ ပြိုင်တူအော်မိတယ်ထင်တယ်။အငယ်ကောင်က တာ့တာ့တွေပြလို့။ကျနော်နဲ့ မမ ခြံအပြင်မှာ အကြာကြီး ငိုမိကြတယ်ထင်တယ်။

မနက်မိုးလင်းတော့ အဖေက ဧည့်ခန်းထဲမှာ မူးပြီးအိပ်ပျော်နေတာလားမသိဘူး။မမက မနှိုးနဲ့ဆိုလို့ ကျောင်းသွားဖို့ ကိုယ့်ဘာသာပဲ ပြင်ကြရတယ်။ပြင်နေတုန်း မမက ကျောင်းမသွားချင်ဘူးလို့ ပြောတော့ ကျနော်ပါ ရောထောက်ခံမိတယ်ထင်တယ်။မမက ပြောတယ် အမေဘယ်သွားတာလဲ မသိဘူးနော်တဲ့။အဘွားတို့မြို့ကို ဖြစ်မှာပေါ့လို့ ပြောတော့ မမက တရှုံ့ရှုံ့နဲ့ပြန်ပြောတယ် အဖေနဲ့အမေ တကယ်ကွဲရင် ဘယ်လိုလုပ်ကြမလဲတဲ့။

ကျွန်တော်နဲ့မမ အိမ်ဘေးက ရေကန်ပေါ်ကို တက်ထိုင်ကြတယ်။လေအေးအေးလေးက ကန်ထဲက ရေပြင်ကို ဖြတ်တိုက်လာတော့ အေးနေတာပဲ။အငယ်ကောင်လေး ထမင်းစားရလားမသိဘူးနော်လို့ပြောတော့ မမက အမေ့မှာ ပိုက်ဆံပါမှာပါလို့ ပြန်ပြောတယ်။နင်သိလို့လားလို့ ကျနော်က မျက်စပစ်ပြတော့ မမက ပြုံးပြတယ်။ညက အမေ့ကိုလိုက်ဆွဲရင်း သူစုထားတဲ့ ပိုက်ဆံ ငါးရာ အမေ့ အိတ်ထဲထည့်ပေးလိုက်တယ်လို့ ပြောတယ်။ကျွန်တော်နဲ့ မမ ပြိုင်တူရယ်မိကြတယ်။

နင် Two Weeks Test ဒီနေ့စဖြေရမှာ မဟုတ်လားလို့ မမက မေးတယ်။ငါဖြေချင်စိတ်မရှိဘူးလို့ ပြောတာ မမက ဘာမှဆက်မမေးတော့ဘူး။အဖေက ထမင်းအိုးတည်ပေးတယ်။မီးဖိုချောင်ထဲက လက်ဖက်နဲ့ ပဲကြော်နဲ့ပဲ သားဖတွေ နှစ်ပါးသွားကြရတယ်။ထမင်းဝိုင်းကြီးက တိတ်ဆိတ်လို့ပဲ။အဖေက မစာသေးဘူးဆိုပြီး ထွက်သွားတယ်။ကျွန်တော်နဲ့ မမလည်း တစ်နေကုန်လုံး အများကြီး မစားဖြစ်ကြဘူး။

နောက်ရက် ကျနော်တို့ ကျောင်းပြန်တက်ကြတယ်။တစ်ညနေ ကျနော်တို့ ကျောင်းဆင်းတော့ အမေ့အစ်ကိုနဲ့ အစ်မ အိမ်ကိုရောက်နေကြတာ တွေ့ရတယ်။အဖေနဲ့ အမေ ကွာရှင်းကြမယ့်နေ့ကို လာချိန်းတာတဲ့။အဖေနဲ့ စကားတွေ ထများကြတယ်။အဖေ့ကို ဦးကြီးက လက်သီးနဲ့ထိုးချလိုက်တာ ပါးကသွေးတွေပါ ထွက်ကျလာတာ။မမက မလုပ်ပါနဲ့ဆိုပြီး ငိုရင်း ဦးကြီးကို ဝင်ဆွဲတယ်။အန်တီကြီးက ကျနော်တို့မောင်နှမကို လိုက်ခဲ့ဖို့ အတင်းခေါ်တယ်။ကျနော်ရော မမရော မလိုက်ဘူး ငြင်းတော့ ကိုယ့်ထိုက်နဲ့ကိုယ်နေကြဆိုပြီး ကျနော့်ကို တွန်းသွားတယ်။

အဖေက သူတို့ကို အတင်းမောင်းထုတ်ပြီး ခြံတံခါးပါ သော့ပိတ်ပစ်လိုက်တယ်။မမက အဖေ့ကို အာပူထိုးပေးရင်း မျက်ရည်တွေကျလို့။အဖေ့ပါးကြီးက ယောင်ကိုင်းနေတာပဲ။ကျွန်တော်က ငါ-မဦးကြီးလို့ဆဲတော့ အဖေက ကိုယ့်ဦးလေးကို အဲ့လိုမဆဲရဘူးလို့ ထပြောတယ်။မမက မျက်ရည်တွေကျရင်း အဖေ့ကို အာပူထိုးပေးနေရာက အဖေ့ကိုသူတို့လုပ်တာ ရော ကောင်းလားလို့ ဒေါသသံကျယ်ကျယ်နဲ့ ထပြောတယ်။

အဲ့ဒီညက လမ်းထိပ်ဆိုင်က ခေါက်ဆွဲကြော် ဝယ်စားလိုက်ကြရတယ်။ညဘက်ဆို အဖေက စီးကရက်ကြီး ခဲပြီး ဧည့်ခန်းမှာ ဇိမ်ကျနေပြီ။ကျနော်နဲ့ မမက စာတွေကျက်နေကြပေမယ့် အာရုံလည်း မရကြပါဘူး။အဲ့ဒီတုန်းက မမက ဒိုင်ယာရီ ရေးတတ်နေပြီ။တစ်ည မမအိမ်သာတက်တုန်း ခိုးဖတ်တော့ အဖေ့ကိုသနားကြောင်းတွေ ရေးထားတာ အများကြီးပဲ။အမေ့ကို လွမ်းကြောင်းရောပေါ့။

တစ်ပတ်လောက်ကြာတော့ ကျနော်တို့ တစ်အိမ်ကျော်က ဖုန်းလာတယ်လို့ လာပြောတယ်။သူတို့အိမ်က ၀၅၃ အထိုင်ဖုန်းကြီးရှိတော့ လမ်းထဲက လူတွေက အဲ့ဒီမှာ ဆက်ကြရတယ်။ကျနော်နဲ့မမ သွားကိုင်တော့ အမေရယ်ဆက်တာ။ဖုန်းအိမ်က စပီကာဖွင့်ပေးတယ်။ဟိုဘက်ကနေ အမေက ငစင် သားနေကောင်းလား သမီးလေးရော ဆိုတဲ့ အသံကြားတော့ မမရော ကျနော်ရော မျက်ရည်တွေကျလာကြတာ။အမေရော မောင်လေးရော နေကောင်းလားလို့ မမက အသံတုန်တုန်နဲ့ မေးတော့ အမေ့ဘက်က တော်တော်နဲ့ စကားပြန်မလာဘူး။ပြီးမှ ငိုသံကြီးနဲ့ ပြန်ပြောတယ်။အဖေက ထမင်းကောင်းကောင်းချက်ကျွေးလားတဲ့။ကျနော်ပဲ ဆက်ပြောရတယ်။မမက ငိုနေတာ အသံမထွက်ရဲဘူး။ကျနော့်ပါးမှာလည်း မျက်ရည်တွေက စီးလို့။အမေဘယ်တော့ ပြန်လာမှာလဲဟင် လို့ မေးတော့ ဖုန်းလိုင်းက တူ တူ နဲ့ ကျသွားတယ်။ဖုန်းအိမ်က တီနုက ကျနော်တို့ကိုကြည့်ရင်း မျက်ရည်တွေဝဲပြီး ပိုက်ဆံမပေးနဲ့လို့ ပြောရှာတယ်။

မောင်နှမနှစ်ယောက် ညနေဘက် ရထားလမ်းဘက်ကို အခွေသွားငှားကြတော့ ဒေါ်သင်းဆွေဆိုတဲ့ လမ်းထဲကုန်စုံဆိုင်က အဒေါ်ကြီးနဲ့ တန်းတိုးတယ်။ဟဲ့ ဟိုကလေးတွေ နင်တို့အဖေနဲ့ အမေ ကွဲလိုက်ကြပြီလားတဲ့။မမက ဘာမှပြန်မပြောခင် ကျနော်က ဒက်ခနဲ ပြန်ပြောမိတယ်။အမေက စိတ်ဆိုးလို့အဘွားတို့ဆီသွားတာ ပြန်လာမှာဆိုတော့ ဒေါ်သင်းဆွေက ဘာမှထပ်မပြောဘူး။ကျနော်နဲ့ မမ ရထားလမ်းကြီးအတိုင်း စုန်လျှောက်ဖြစ်ကြတယ်။အဖေနဲ့အမေ တကယ်ကွဲသွားပြီထင်တယ်လို့ ကျနော်ကပြောတော့ မမက ကျနော့်လက်ကို ကိုင်ပြီး မဟုတ်ပါဘူး မောင်လေးရယ်လို့ပြောတယ်။မမ မျက်ဝန်းတွေလည်း ရဲလို့။

ညနေစောင်းလို့ ခြံတံခါးပိတ်တော့ အငယ်ကောင်ကစားနေကြ ဘောလုံးလေးက ပန်းအိုးဘေးမှာ ငြိမ်လို့။မီးရောင်တွေနဲ့ အိမ်ထဲ လှမ်းကြည့်တော့ တိတ်ဆိတ်နေတာပဲ။ပြတင်းပေါက်နားမှာ မမက ထမင်းခူးနေတာ။အငယ်ကောင်လေး နေကောင်းလားမသိဘူးလို့ တွေးမိတော့ မျက်ရည်တွေ ကျလာပြန်တယ်။အိမ်ထဲဝင်ခါနီးတော့ မမ မသိအောင် ပြန်သုတ်ပစ်လိုက်တယ်။

တစ်လလောက်ကြာတော့ ဒီဇင်ဘာကျောင်းပိတ်ရက် ရောက်တယ်။မမက အဘွားတို့ဆီ သွားလည်ကြမလားလို့ စ​ပြောတယ်။ကျနော်ခေါင်းညိတ်မှ မမက ထပ်ပြောတယ် အဖေတစ်ယောက်ထဲ ထားခဲ့လို့မရပါဘူး မသွားတော့းဘူးတဲ့။ကျနော်နဲ့မမ ပြတင်းပေါက်ကနေ ခြံပြင်ကို စိုက်ငေးကြည့်နေကြတာ အကြာကြီးပဲ။

မမရော ကျနော်ရော ပိန်လာလိုက်တာလို့ ဖုန်းအိမ်က တီနုက ကြုံတဲ့အခါ ပြောလာတယ်။အဖေ့ကိုလည်း အမေ့ကို ပြန်သွားခေါ်ဖို့ ခဏခဏ လာပြောတယ်။အဖေသွားခေါ်လား မခေါ်လား မသိပေမယ့် အမေကတော့ အရိပ်အယောင်တောင် ပြန်ပေါ်မလာပါဘူး။အမေက ဘူတာရုံက ဦးဆွေနဲ့ ဟင်းဘူးတွေ ထည့်ထည့်တော့ ပေးတတ်ပါတယ်။အဲ့ဒီအခါမျိုးဆို ကျနော်နဲ့မမ ခေါင်းမဖော်အောင် စားကြတာ ပြောမနေပါနဲ့။

တစ်ည အဖေက ကျနော်နဲ့မမ ကို ဧည့်ခန်းထဲမှာ ခေါ်မေးတယ်။အမေ့ကို ပြန်ခေါ်ပေးရမလားတဲ့။မမနဲ့ကျနော် အဖေ့ရင်ခွင်ထဲ ပြေးဝင်ကြတယ်။အဖေ ပြန်ခေါ်ပေးနော်လို့ ပြောတော့ မနက်ကျ ရအောင်ပြန်ခေါ်လာမယ်တဲ့။အဖေ့ကို မော့ကြည့်တော့ အဖေ့မျက်ဝန်းကြီးတွေလည်း ရဲတွတ်လို့။

ညအိပ်ရာဝင်တော့ မမက တိုးတိုးကပ်ပြောတယ်။အမေပြန်လိုက်လာရင်ကောင်းမယ်ဟာတဲ့။ကျနော်တို့ ဆုတောင်းကြမလား မမဆိုတော့ အေးတဲ့။ဖွဖွကလေး နင်းပြီး အခန်းထဲကနေ ကျနော်တို့ အပြင်ကို ထွက်ကြတယ်။အိမ်တံခါးက ကျွီလို့ ထမြည်တော့ ငြိမ်ထိုင်နေကြရသေးတယ်။အိမ်ပြင်မှာ ကောင်းကင်ကြီးက ကြယ်တွေစုံလို့။ကြယ်တစ်လုံး ထကြွေတော့ မမက ဆုတောင်း ဆုတောင်းလို့ အော်တယ်။ကျနော်တို့ငြိမ်ဆုတောင်းကြတယ်။အမေပြန်လာပါစေပေါ့။အိမ်ပြတင်းပေါက်ဖက်ကို ပြန် လှမ်းကြည့်တော့ အရိပ်တစ်ခုတွေ့လိုက်ရတယ်။

နောက်နေ့ အဖေထွက်သွားထဲက ကျနော်ရော မမရော နေမထိထိုင်မသာ ဖြစ်ကြရတယ်။မမက သမ္ဗုဒ္ဓေတွေ ရွတ်တယ်။ကျနော်က အရဟံတွေ အော်ဆိုလို့။မကောင်းဆိုးရွားကို နှင်မှ အမေပြန်လိုက်လာမှာ ရွတ်လို့ မမကပြောတယ်။ကျနော်လည်း အများကြီးရွတ်ရတယ်။

ညနေစောင်းတဲ့အထိ အဖေပြန်ရောက်မလာဘူး။မမက ပြတင်းပေါက်ကိုမေးတင်ပြီး ငေးလို့။ကျနော်က စားပွဲတင်ပေါ် မေးတင်လိုက်လို့။နာရီကို ကြည့်တော့ ညနေ ငါးနာရီထိုးပြီ။

ကလင် ကလင် ဆိုတဲ့ ဆိုက်ကားသံကြားလို့ အိမ်ရှေ့ကို လှမ်းကြည့်တော့ ဆိုက်ကားပေါ်ကနေ အငယ်ကောင်က လက်ကာပြလိုက်လို့။အမေ့လို့ မမနဲ့ ကျနော် ပြိုင်တူလှမ်းအော်လိုက်ကြတယ်။အိမ်ပြင်ကို ပြေးထွက်ကြတော့ နှစ်ယောက်စလုံး ဖိနပ်မပါကြဘူး။

ကျနော့်က အမေ့ဆိုပြီး ပြေးဖက်တယ်။မျက်ရည်တွေက စီးကျလို့။ရင်ထဲမှာလည်း စို့တက်လာတယ်။

မမက အငယ်ကောင်ကို ပွေ့ချီနမ်းတယ်။မောင်လေးရယ် သတိရလိုက်တာတဲ့။အမေက ကျနော့်ခေါင်းကို ထိုးဖွပြီး ငိုတယ်။အဖေကတော့ ဆိုက်ကားပေါ်က အထုပ်တွေသယ်ပြီး အိမ်ထဲ ဝင်သွားပြီ။

အမေထပ်ထွက်မသွားပါနဲ့တော့နော်လို့ ကျနော့်နှုတ်က ရွတ်နေရင်း မျက်ရည်တွေက စီးမြဲစီးကျနေတာ။

အမေက " အေးပါ" ဆိုပြီး ဘေးက မမခေါင်းကို ဖွဖွလေးကိုင်ပြီး မျက်ရည်တွေကျလို့။

#လင်းရောင်စင်
#အမေထွက်သွားတဲ့နေ့ကမိုးတွေညိုတယ်

photo - crd

မယ်လမု ဘုရားဒီနေ့  မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်နေ့၊  ၁၅ -၄-၂၀၂၂  မှာ မယ်လမု  ဘုရားကို ဖူးမြော်ခဲ့ပါတယ်။မယ်လမ...
15/04/2022

မယ်လမု ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ၁၅ -၄-၂၀၂၂ မှာ မယ်လမု ဘုရားကို ဖူးမြော်ခဲ့ပါတယ်။

မယ်လမုဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ ဆုတောင်းပြည့် မယ်လမုစေတီ ” ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်မှာ တည်ရှိပါတယ်။ ( မြေပုံဖော်ပြထားပါတယ်။ )

မယ်လမု ဘုရားသမိုင်းကို နှစ်ပိုင်းခွဲပြောရမယ်ထင်တယ်။ ပထမပိုင်းကတော့ တိဿရသေ့ကြီး၊ သိကြားမင်း၊ လမုသီးထဲမှာ သံသေဓဇပဋိသန္ဓေယူပြီးမွေးဖွားလာတဲ့ မယ်လ မု၊ မယ်လမုရဲ့ သားတော် ဥက္ကလာပမင်း၊ နန္ဒမင်းသား၊ ငမိုးရိပ်မိချောင်း တို့နဲ့ ဒဏ္ဍာရီဆန်ဆန်သမိုင်း ဖြစ်ပါတယ်။

ဒုတိယပိုင်းကတော့ ဒီဘက်ခေတ် လက်ရှိမယ်လမုစေတီကို ပြန်လည်တည်ထားတဲ့ ဖြစ်စဉ်ပါ။ အဲဒီ ဖြစ်စဉ် အရ တော့ ကြည့်မြင့်တိုင်မှာ နေထိုင်တဲ့ စိုက်ပျိုးရေး ၀န်ထောက် ဦးလှ မြင့်ရဲ့ ဇနီး ဒေါ်စောညွန့်ရီ ဟာ ၁၉ ၆၀ ပြည့်နှစ်အတွင်းမှာ တံတားလေး မြို့ပတ်ရထားဘူတာရုံ အရှေ့ ဘက် ကွင်းပြင်ထဲက သစ်ပင်တစ်ပင် အုပ်မိုးနေတဲ့ ဘုရားငုတ်တို တစ်ဆူ ကို မကြာခဏ အိပ်မက်မက်တယ်။ ဒါပေမယ့် ဒေါ် စောညွန့်ရီဟာ တံတားလေးဘူတာဘက်ကို တစ်ခါမှ မရောက်ဖူးဘူး။

နောက်ဆုံးတော့ ဒီအိပ်မက်ကိုပဲ ခဏခဏမက်နေတာ ထူးခြားတယ်ဆိုပြီး ခင်ပွန်းဖြစ်သူ နဲ့အတူ တံတားလေးဘူတာကို ရထားစီးသွားတယ်။ အဲဒီအချိန်က မြောက်ဥက္ကလာပ မြို့သစ်ကလည်း တည်ကာစအချိန်ဖြစ်ပါတယ်။ တံတားလေးဘူတာမှာဆင်းပြီး အိပ်မက်ထဲကဘုရားကို လိုက်ရှာ တော့ မြောက်ဥက္ကလာပ မြို့အ၀င် ကားလမ်းအရှေ့ဘက် ချောင်းဘေး လမုပင်တွေကြားမှာ ဘုရား ငုတ်တိုတစ်ခုတွေ့တယ်။ ဘုရားငုတ်တိုပေါ်မှာ နဘဲ ပင်ကြီးတစ်ပင်ပေါက်နေတယ်။

အဲဒီဘုရားကို ရှာတွေ့တဲ့နေ့က ၁၃၂၂ ခုနှစ် နယုန်လဆန်း ၃ ရက် ( ၂၅ - ၆ - ၁၉ ၆၀) ဖြစ် ပါတယ်။ ဒေါ်စောညွန့်ရီက ဘုရားဟောင်းရှိရာကို နယုန်လဆန်း ၅ ရက် နဲ့ ၈ ရက်နေ့တွေ မှာ ထပ်သွားခဲ့တယ်။ ၈ ရက်နေ့သွားတဲ့အခါ ဘုရားငုတ်တိုပေါ်က ကြုတ်တစ်ခု တွေ့တယ်။ ဖွင့် ကြည့်တဲ့အခါ အမျိုးသမီးရုပ်တုလေး တစ်ခုတွေ့တယ်။

အဲဒီအမျိုးသမီးရုပ်တုက ရွှေတိဂုံဘုရား အထက်ပစ္စယံ စနေထောင့်မှာရှိတဲ့ မယ်လမု ပုံတော် နဲ့ အတူတူဖြစ်နေတယ်။ နောက်မူကွဲတစ်ခုမှာတော့ အလယ်ပစ္စယံ သိကြားမင်း ပုံတော်အောက် မှာ ရှိတဲ့ မယ်လမုပုံ လို့ဆိုတယ်။ ရွှေတိဂုံ ဘုရားမှာရှိတဲ့ မယ်လမု ပုံတော်ကို သိသူများ ဘယ်အချက် မှန်လဲဆိုတာ မှတ်ချက် ရေး ဆွေးနွေးပေးစေချင်ပါတယ်။

အဲဒီရုပ်တုလေးကို ရပြီးတဲ့နောက်ပိုင်းမှာ ဒေါ်စောညွန့်ရီကို ဘုရားဟောင်းကို ပြန်လည် ပြုပြင် ပေးဖို့ ပူးကပ် အကူအညီတောင်းတာတွေရှိလာတဲ့အတွက် ဒေသအာဏာပိုင်တွေကို ခွင့်တောင်းပြီး ၁၃၂၂ ခုနှစ် ပြာသို လဆုတ် ၉ ရက် ( ၉ - ၁ - ၁၉ ၆၁ ) ရက်နေ့မှာ ဘုရား ဟောင်းကို ဖျက် တယ်။ ဘုရားဌာပနာထဲက ဆင်းတုတော်တွေတွေ့တဲ့အပြင် ကျောက်သား လမုသီးပုံ အောက်ခံ ထားတဲ့ ပလ္လင်၊ သိကြားရုပ်၊ ရသေ့ရုပ်၊ မင်း၀တ်တန်ဆာနဲ့ အရုပ်တွေ လည်းတွေ့တယ်။

ဒေါ်စောညွန့်ရီ ဘုရားတည်တဲ့အခါ ဖိနပ်တော် အမြင့် လေးပေ နဲ့ ပေ ခြောက်ဆယ် ပတ်လည် အုတ်မြစ်စီတာပဲလုပ်နိုင်ခဲ့တယ်။ အဲဒီနောက် ရွှေဘုံသာလမ်းက ရတနာကုန်သည် ဦးတင်အောင် နဲ့ ဇနီး ဒေါ်ကြည်ကြည်တို့က ဒေါ်စောညွန့်ရီနဲ့ တိုင်ပင် ပြီး ဘုရားဆက်တည်ခဲ့တယ်။ စေတီ တော် အသစ်ကို “ဆုတောင်းပြည့်မယ်လမုစေတီ” လို့ ဘွဲ့အမည်ပေးခဲ့တယ်။

လက်ရှိစေတီနေရာက မူလ ရှေးဟောင်းစေတီနဲ့ နဘဲပင်ကြီးရှိခဲ့တဲ့နေရာမဟုတ်ဘူး။ နဘဲ ပင်ရှိခဲ့တဲ့နေရာက ဘုရားမုခ်က၀င်လိုက်ရင် ဘယ်ဘက်မှာ ရှိတဲ့ သုဇာတာသူဌေးသမီး နို့ဆွမ်း ကပ်တဲ့ ပြခန်းနေရာ ဖြစ်ပြီး အဲဒီနေရာက ကားလမ်းနဲ့နီးနေတဲ့အတွက် နေရာ ပြောင်း တည်ခဲ့တာလို့ သိရပါတယ်။

ကျွန်တော်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော် ၁၉ ၇၅ ခုနှစ်အတွင်းမှာ မယ်လမု ဘုရားကို နှစ်ပတ်နီးပါးနေ့တိုင်းရောက်ခဲ့တယ်။ ကျွန်တော်ကအဲဒီနှစ် ဆယ်တန်းစာမေးပွဲဖြေပြီး နွေရာသီလူငယ်လုပ်အားပေးအစီအစဉ်မှာ ပါ၀င်ခဲ့တဲ့အခါ ဘတ်စကား လက်မှတ်စစ်၊ လက်မှတ်ရောင်းလုပ်အားပေးတာ၀န်ကျတယ်။ အဲဒီအချိန်က ဆိုရှယ်လစ်ခေတ်ဆိုတော့ ဘတ်စကား လိုင်းတွေ အားလုံးက နိုင်ငံပိုင်ကားလိုင်းတွေ။ ကျွန်တော်ပါတဲ့အဖွဲ့က မယ်လမု ဘုရားနားမှာ တာ၀န်ကျတယ်။ အမှတ်(၆) ဘတ်စကား လိုင်း (မှတ်မိသလောက်) ကားတွေ ကို ရပ်ပြီး ခရီးသည်တွေရဲ့လက်မှတ်ကို စစ်ရတယ်။ မ၀ယ်ရသေးရင် ဒါမှမဟုတ် မှတ်တိုင်ကျော်နေ ရင် လက်မှတ်၀ယ်ခိုင်းရတယ်။

အဲဒီအချိန်က ဘတ်စကား လက်မှတ်က စာရွက်ပိုင်းလေးတွေ၊ ဆင်းမယ့် မှတ်တိုင်ကို မူတည်ပြီး လက်မှတ်ခပေးရတယ်။ လက်မှတ်မှာ ကားမှတ်တိုင် နာမည် လေးတွေပါတယ်။ ဘတ်စကား စပါယ်ယာက ဆင်းမယ့် မှတ်တိုင်နေရာကို အမှတ်အသား လုပ် ပေးလိုက်တယ်။ ကျွန်တော် တို့က လက်မှတ်ယူကြည့်ပြီး မှတ်တိုင်ကျော်နေရင် လက်မှတ်ထပ်၀ယ်ခိုင်းရတယ်။ လုပ်အားပေး ကာလ မှာ နေ့လယ် ထမင်းစားချိန်၊နားချိန်ဆိုရင် မယ်လမု ဘုရား၀င်းထဲမှာ နားရတယ်။ လုပ် အားပေး ဆိုတဲ့အတိုင်း ကိုယ့်ထမင်းချိုင့်နဲ့ကိုယ်လာရတော့ ဘုရားထဲမှာ စုပြီး ထမင်းစားကြတယ်။ အဲဒီ လုပ်အားပေးကာလ ပြီးကတည်းက မယ်လမု ဘုရားကို ပြန်မရောက်တော့တာ ဒီနေ့အထိ ပဲ။

အခု ပြန်ရောက်တော့ မယ်လမု ဘုရားမုခ်ဦးကျော်လိုက်တာနဲ့ မြင်ကွင်းက မယုံနိုင် လောက်အောင် ပြောင်းလဲနေတယ်။ မယ်လမု ဘုရားပရိဝုဏ်က ၁၀.၅၇ ဧက ရှိတယ်လို့ဆိုတယ်။ အဲဒီ ဘုရားပရိဝုဏ်တစ်ခုလုံးမှာ သာသနိ က အဆောက်အဦတွေ၊ အခြားယုံကြည် ကိုးကွယ်မှု ဆိုင်ရာ အဆောက်အဦတွေနဲ့ ပြည့်နေတယ်။ ကျွန်တော် ရေတွက်ကြည့်တာ ၅၅ ခုရှိတယ်။ အများစုကတော့ ဗုဒ္ဓ၀င်နဲ့ပတ်သက်တဲ့ ပြခန်း အဆောက်အဦတွေဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓ၀င်ဖြစ်စဉ်တွေကို အစီအစဉ်နဲ့ ရှေ့နောက် ဆက် လေ့လာလို့ရအောင် တည်ဆောက် ထားတာမျိုးတော့မဟုတ်ဘူး။ အလှုရှင်ပေါ်ပေါက်မှုနဲ့ နေရာ ရနိုင်မှုအပေါ်မူတည်ပြီး တည်ဆောက်ထားတဲ့သဘောပါ။ ပန်းပုလက်ရာတွေကလည်း အဆင့်အမျိုးမျိုးပါပဲ။ ဒါပေမယ့် အာရုံခံတန်ဆောင်းတွေ၊ ပြခန်းတွေကို တစ်နေရာကနေ တစ်နေရာ မိုးမစို နေမပူပဲ သွားနိုင်အောင် စောင်းတန်းတွေ တည်ဆောက်ထားတာကတော့ အတော်ကောင်းပါတယ်။ ( ဘုရားပရိဝုဏ် လမ်းညွှန်မြေပုံကို ဖော် ပြထားပါတယ်။ )

နောက်ထပ် သတိထားမိတာတစ်ခုကတော့ ဘုရား ပရိဝုဏ်အတွင်း မှာ စျေးဆိုင်တန်းနဲ့ ဗေဒင် ဟောခန်းတွေ အလွန်များတဲ့အချက်ပါပဲ။ မုခ်ဦးကနေ ၀င်လိုက်ရင် ညာဘက် တစ်ခြမ်း အပြည့် နီးနီး ဆိုင်တန်းတွေ၊ ဟောခန်းတွေရှိတယ်။ငမိုးရိပ်ချောင်း ကို ကျောပေးထားပြီး စားသောက်ဆိုင် တွေရှိတယ်။ အဲဒီဆိုင်တွေဆုံးရင် ရှင်ဥပဂုတ္တ ရေကန်တော်ပတ်လည်မှာ ဆိုင်ခန်းတွေရှိတယ်။ ဆိုင်ခန်းတွေကလည်း ရိုးရိုးစတိုးဆိုင်၊ ဘာသာရေးဆိုင်ရာ ပစ္စည်းတွေ ၊ အမှတ်တရ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်၊ ထမင်းဆိုင်၊ စောင်းတန်းဘေးမှ ခင်းထားတဲ့ အသုပ်ဆိုင် အစုံပါပဲ။

ဗေဒင်ဟောခန်းတွေကတော့ မယ်လမုဘုရားဟာ ရန်ကုန်မြို့က ဘုရားတွေအနက် ဘုရား ပရိဝုဏ်ထဲမှာ ဗေဒင်ဟောခန်း အများဆုံး ရှိတဲ့ ဘုရားများဖြစ်နေမလားမသိဘူး။ အကြား အမြင်၊ ဓာတ် နတ် သိုက် သုံးကြိုးကိုင် ၊ ဝိဇ္ဇောဓရ ၊ ဗေဒင် ၊ လက္ခဏာ ၊ တဲရော့ ၊ နက္ခတဗေဒ၊ ဓာတ်ရိုက် ဓာတ်ဆင် အမျိုးစုံတွေ့ရတယ်။

မယ်လမု ဘုရားသမိုင်း မှာ ငမိုးရိပ်မိချောင်းလည်း ပါတော့ ငမိုးရိပ်ကမ်းနားဘက်အခြမ်းမှာ မိချောင်းရုပ်ကြီး လုပ်ထားတယ်၊ အရွယ်အစားအတော်ကြီးပါတယ်။ ဒါပေမယ့် ငမိုးရိပ် မိချောင်းလည်း စားသောက်ဆိုင်တွေနဲ့ ဆိုင်ခန်းတွေက ပစောက်ပုံ ဝိုင်းထားတော့ ထင်ထင် ရှားရှား ပေါ်ပေါ်လွင်လွင် မရှိရှာဘူး။ အမှန်က ငမိုးရိပ် ချောင်းဘက်အခြမ်းမှာ စားသောက် ဆိုင်တွေ မထားဘဲ ရင်ပြင်လုပ်ပေးထားရင် ပိုသင့်တော်မယ်လို့ထင်ပါတယ်။ အခု ဘုရား ပရိဝုဏ် အပြင်ဘက် ယာဉ်ရပ်နားစခန်းဘေးမှာ ဆိုင်ခန်းအသစ်တွေ ဆောက်နေတာတွေ့ရတယ်။ အဲဒီ ဘက်ကို လက်ရှိဆိုင်ခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဗေဒင်ဟောခန်းတွေ ရွှေ့လိုက်ရင် ကောင်း မှာပဲလို့လည်း တွေးမိတယ်။

ဘုရားဖူးများအတွက် နောက်အခက်အခဲတစ်ခုဖြစ်နိုင်တာက အသံချဲ့စက်ကိစ္စပါ။ ကျွန်တော် ရောက်သွားတဲ့မနက်ပိုင်းမှာ ပရိဝုဏ်ထဲက အာရုံခံတန်ဆောင်းလေးခုမှာ အလှုခံဌာန လေးခု ဖွင့်ထားတယ်၊ အဲဒီလေးခုလုံးက အလှုရှင်တွေကို ဖိတ်ခေါ်တာ၊လှုဒါန်းသူအမည်ကို ဖော်ပြပြီး သာဓုခေါ်တာ တစ်ပြိုင်တည်းလုပ်နေတယ်။ အဲဒီအသံတွေက ရင်ပြင်တော်မှာ ဘုရားဖူး၊ ပရိတ်ရွတ်၊ တရားဘ၀နာပွားများ၊ ပုတီးစိတ်သူတွေ အာရုံစူးစိုက်ဖို့အတွက် အခက်အခဲ ဖြစ် တာကို ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ ဒါ့ကြောင့် ဂေါပကအဖွဲ့အနေနဲ့ အသံချဲ့စက်ဖွင့်လှစ်ခြင်း ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေကို ပြန်လည် စဉ်းစားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

မယ်လမုဘုရားမှာ ဒေသန္တဗဟုသုတတွေရခဲ့ပေမယ့် သဒ္ဓါယိုဖ်ိတ်ကြည်နူးချမ်းမြေ့စိတ် တော့ မရခဲ့ဘူး။



 #မြတ်ဗုဒ္ဓ ၏  #ငြိမ်းချမ်းရေး🙏🙏🙏🙏🙏 " မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ့မြောက်ဘက် ကက်ရှမီးယားရဲ့အရှေ့မြောက် လာဒက်က ပြန်လာတယ...
15/04/2022

#မြတ်ဗုဒ္ဓ ၏ #ငြိမ်းချမ်းရေး🙏🙏🙏🙏🙏

" မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ့မြောက်ဘက် ကက်ရှမီးယားရဲ့အရှေ့
မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။ "
-
Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ့ရဲ့ဌာနချုပ်မြို့လယ်ခေါင်မှာ ဖွင့်ထားတယ်။ တစ်မြို့လုံး ပိုစတာထောင်ပြီးတော့ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာ ၀င်ရော ၊ ခရစ်ယာန်စတဲ့ အခြားဘာသာ၀င်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ်။

Tourist တွေကလည်း အရမ်းပေါတယ်။ သူတို့လည်း လာနားထောင်ကြတယ်။ ခေါင်းစဉ်က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ်မဟုတ်ဘူး။

သူတို့ပေးတဲ့ခေါင်းစဉ်။ Buddhist and World Peace ဗုဒ္ဓဘာသာတရားတော်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုတဲ့ခေါင်းစဉ်ကို ဟောရမှာ။

ကမ္ဘာ ဆိုတာဘာလဲ

စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီက စတာ။ ရေ မြေ၊ တောတောင်၊ နေ လ၊ နက္ခတ်တာရာ၊ ပင်လယ်သမုဒ္ဒရာ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေအကုန်လုံးကိုမင်းတို့က ကမ္ဘာလို့ ခေါ်ချင်သလား။

မင်းတို့ခေါ်ချင်လည်း ခေါ်ရပါတယ်။

တို့ဗုဒ္ဓကတော့ ခြေဖျားမှဆံပင်ဖျားတိုင်
အောင် တစ်လံမျှရှိတဲ့ခန္ဓာကိုယ်ကို တစ်ကမ္ဘာလို့သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့အပြင်ဘက်မှာရှိတဲ့ အပြင်ကမ္ဘာနှင့် လူသားတစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့အတွင်း ကမ္ဘာဆိုပြီး ၂ မျိုးရှိတယ်။

ဘုန်းကြီးက သူတို့ကိုအပြင်ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။အတွင်းကမ္ဘာလို့ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီနှင့်ဆိုင်တဲ့ ကမ္ဘာရဲ့ငြိမ်းချမ်းရေးကိုပဲ မင်းတို့လုပ်ကြပါကွာလို့ ဘုန်းကြီးကပြောလိုက်တယ်။

အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်း
ချမ်းရေးတွေကို မင်းတို့ခဏထား၊ မင်းတို့တစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့ ငြိမ်း
ချမ်းရေး Individual Peace ကိုမှ မတည် ဆောက်နိုင်ရင် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုတာအဓိပ္ပာယ်မရှိဘူး။

အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့မယုံဘူး။

ကမ္ဘာစစ်၏ အစ

ဒီတော့ ကမ္ဘာစစ်ဆိုတာ ဘယ်ကစသလဲ ဆိုရင်

အင်္ဂလိပ်က စတယ်

အမေရိကန်က စတယ်

ဟစ်တလာက စတယ်

ကွန်မြူနစ်က စတယ်

ဆိုရှယ်လစ်က စတယ်

ဆိုတာတွေပြောမနေပါနဲ့။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။

စစ်ကို ဘယ်ကစသလဲဆိုရင် စိတ်ကစတယ်။ လူတစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့စိတ်ဓာတ်ကနေပြီးတော့စတာ။ အဲဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုမလုပ်သေးခင် ဘာအရင်လုပ်မလဲ . . . ?

တစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။

တစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓဝါဒပဲ။

ဒါနဲ့ပတ်သတ်လို့ မင်းတို့စောဒကတက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြပြော ပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။

ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။

မင်းတို့အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်း
ချမ်းရေးရပြီလို့ပြောတော့ သူတို့အားလုံးရယ်ကြတယ်။

ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမ္ဘာက မစဘူး။

စိတ်က စပါတယ်။

ကမ္ဘာစစ်ကို စိတ်ကစရင် ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင်တည်
ဆောက်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ရဲ့ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက်နှင့်နေရူးတို့ကဗုဒ္ဓရုပ်ပုံတော်တို့က ကြည့်ကြည့်ပြီးတော့ သူတို့ရဲ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွား ကြတယ် ရလည်းရသွားကြတယ်။

အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာအဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။

ဟောရင်းဟောရင်းနဲ့ သူထောင်ကလွတ်တော့ ခရစ်ယာန်ဘုန်းကြီးဖြစ်တာပဲ။ ခရစ်
ယာန်ဘုန်းကြီးဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ့ဖြစ်တာ။

ဒီအကျဉ်းထောင်မှာ

ဗုဒ္ဓဘာသာ၀င်လည်းရှိမှာပဲ

ခရစ်ယာန်ဘာသာ၀င်လည်းရှိမှာပဲ

အစ္စလာမ်ဘာသာ၀င်လည်းရှိမှာပဲ

ဟိန္ဒူဘာသာ၀င်လည်းရှိမှာပဲ

ဂျုးလည်း ရှိမှာပဲ

ခရစ်ယာန်တွေရဲ့ကိုးကွယ်ရာက God၊ ဂျူးတို့ရဲ့ကိုးကွယ်ရာက ယေဟိုးဝါး၊ အစ္စလာမ်တို့ရဲ့ကိုးကွယ်ရာက အလ္လာအရှင်မြတ် ၊ဒါတွေက ကိုးကွယ်စရာတွေ။

ဒီကိုးကွယ်စရာအမျိုးမျိုးကို ဘယ်လိုပင်ကိုးကွယ်ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။

အရေးကြီးဆုံးအလုပ်နှစ်ခု ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကိုပြင်ဖို့က ပဓာန။

ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး
သိမ်းကျူံးကိုးကွယ်နေစေကာမူ စိတ်ကိုမပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့စိတ်
ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။

စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace

(တစ်နည်းပြောရရင်)

စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။

ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။

စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။

စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်
ဆောက်ရမယ်။

ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာ၀င်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ်၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိကထားပြီးတော့အားလုံးလုပ်ကြရမယ်။

စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ငြိမ်း
ချမ်းရေးမှုဒီနှစ်ခု ပဓာနထားပြီးတော့ အား
လုံးလုပ်ကြရမယ်။

ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှုနှင့်စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အ၀ရ
အောင်လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အား
လုံးပြည့်စုံသွားလိမ့်မည်။

စိတ်ဓာတ်မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာမဟုတ်ဘူး။

အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ၀တ်ထုတွေ အား
လုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။

သူတို့ကိုမေးကြည့်လိုက်ရင် ပြည့်စုံတယ်လို့ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။

သို့သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့အခြေခံအားလုံး အလုံအလောက်ရှိတယ်။

အာရှမှာ အကုန်လုံးပြည့်စုံတယ်......

သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ . . . ? အာရှမှာ မွေးတယ်။

သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ . . ? အာရှမှာ မွေးတယ်။ ဟိန္ဒူဘာသာကို တည်
ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲမွေးကြတယ်။

အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။

ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ရန်

Mental Fulfilment အတွက် Mental Culture , Mental Happiness နည်းစနစ်တွေ အာရှမှာအကုန်လုံးအပြည့်အစုံရှိတယ်။

ဟို . . .အနောက်ဘက်တိုင်းပြည်တွေမှာတော့ မရှိဘူး။

ဒါကြောင့် ဥရောပ အမေရိကစတဲ့ အနောက်
တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။

ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။

Jesus Christ ကိုရှိခိုးချင်တယ်ဆိုရင်လည်းအရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။

ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်

ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူ၀င့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့စိတ်ဓာတ်ယဉ်ကျေးမှုစိတ်ဓာတ်ငြိမ်းချမ်းမှုတို့နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အ၀အသုံးမချနိုင်ဘူးရင် အာရှတိုင်းသားတွေ အကြီးအကျယ်နစ်နာမယ်။

ဗုဒ္ဓတရားနှင့် ဆရာလုပ်နေတယ်

ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရားနှင့်ဆရာလုပ်နေကြတယ်။

ဒါ၀န်တိုစရာမဟုတ်ဘူး။ သိပ်၀မ်းသာစရာကောင်းတယ်။

လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့စိတ်ဓာတ် ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓတရားတော်ထဲကနေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့တန်ဖိုးကို နားလည်ကြဖို့ပဲ။

ခရစ်ယာန်ဘုန်းကြီးက ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ဘာသာတရားဖြစ်ပါတယ်လို့ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။

🙏🙏🙏
#ကျေးဇူးတော်ရှင်_သီတဂူဆရာတော်ဘုရားကြီးဒေါက်တာ_အရှင်ဉာဏိဿရ

ဤဓမ္မဒါန အားရေးသားပူဇော်ရသော ကုသိုလ်ကြောင့်၊ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ဟိတံ မေ ဣစ္ဆတံ ပရော၊ဣဒံမေ ပုညံ စတူဟိ ပဋိသမ္ဘိဒါဟိ ဗောဓိဉာဏဿ ပစ္စယော ဟောတု။
-
[ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ_အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏ ]
-
စာဖတ်သူ ဓမ္မမိတ်ဆွေများအတွက်ရည်ရွယ်ပြီး ဆရာတော်ဘုရားများ ဟောပြလမ်းညွှန်ထားသောတရားတော်များမှအသိဉာဏ် ဗဟုသုတနှင့် ကုသိုလ်တရားများစဉ်ဆက်မပြတ်တိုးပွားစေရန်နေ့စဉ် ဓမ္မအကြောင်းရာလေးတွေ မျှဝေတင်ပြအပ်ပါတယ် ဓမ္မမိတ်ဆွေများအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုးလိုရာဆန္ဒများပြည့်စုံကြပါစေသံသရာ ၀​ဋ်ဆင်းရဲ မှ လွတ်မြောက်ကြပါစေ။

ကျွန်တော့်၏ Post များမှ ဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက် ထပ်ဆင့်၍ဝေမျှ Share ခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါသည်ခင်ဗျာ ၊ ဤဓမ္မဒါနကို ဝေမျှရသောကုသိုလ်ကြောင့်နိဗ္ဗာန်အတွက် ကြီးစွာသောအထောက်အပံ့ဖြစ်ပါရစေ ။

မေတ္တာဖြင့်ဓမ္မဒါနဝေမျှသူ

#ထပ်ဆင့်ပူဇော်ပါသည်

crd

Address

Dhamayoing Street, Thingangyun Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Mettananda Library-CALM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mettananda Library-CALM:

Share