31/08/2022
ယူနိုက်တက်ဟာ အန်တိုနီ မခေါ်ယူဘဲ အခြား တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူသင့်တယ်လို့ ပြောလိုက်တဲ့ နယ်သာလန် နည်းပြဟောင်း
လာမယ့်ရက် အတွင်းမှာ ဘရာဇီးနိုင်ငံသား အန်တိုနီဟာ အေဂျက်စ်ကနေ ပေါင် ၈၅ သန်းဖြင့် ရောက်ရှိလာမယ့်လို့ မျှော်လင့်ရပါတယ်။ ကစားသမားဟာ စာချုပ်မချုပ်ဆိုမီ ဆေးစစ်မှု ခံယူသွားမှာ ဖြစ်ပြီး နည်းပြဟောင်း တန်ဟက်နှင့် အိုးထရက်ဖို့ဒ်မှာ ပြန်လည် ပေါင်းစည်းမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့အတွက် နွေရာသီ တစ်ခုလုံး ကြိုးစားခဲ့ရတာ ဖြစ်ပြီး နောက်ဆုံးမှာတော့ ရရှိခဲ့ကာ အဆိုပါ အသင်းကနေ ခံစစ်မှုး မာတီနက်ဇ်ကိုလည်း ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
ဆော်ပိုလို ကစားသမားဟောင်း အတွက် ယူနိုက်တက်ဟာ အများကြီး ပေးချေခဲ့ရတာ ဖြစ်ပြီး ဂိုးအများကြီး သွင်းနိုင်မှာ မဟုတ်ပါဘူးလို့ မျှော်လင့်မိကြောင်း အာဖရိကမှာ ကျင်းပခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားတွင် နယ်သာလန် အသင်းကို ဖိုင်နယ်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဗန်မာဝိတ်က ပြောပါတယ်။ "ဘယ်လိုပဲဖြစ်ဖြစ် အေဂျက်စ်ကနေ ယူနိုက်တက်ထံကနေ ယူရိုသန်း ၁၀၀ ကို ရရှိခဲ့ပါတယ်။ ဒါဟာ ထိန်းဈေးတစ်ခုဖြစ်ပြီး အနာဂတ်မှာ အန်တိုနီအတွက် အဲ့ဒီဈေးကို ပြန်ရမှာတော့ မဟုတ်ပါဘူး။
အေဂျက်စ်မှာတုန်းက အန်တိုနီက တစ်ရာသီကို ၁၀ ဂိုးလောက် သွင်းနိုင်မှာမဟုတ်ပါဘူးဆိုတာ့ ဝေဖန်မှုတွေကိုလည်း ကျွန်တော် ကြားခဲ့ရပါတယ်""သူက ဂိုးသွင်းတဲ့ ကစားသမား မဟုတ်တာကြောင့် အင်္ဂလန်မှာလည်း ဂိုးသွင်းမှာ မဟုတ်ပါဘူး။ သူမှာ ဂိုးဖန်တီးတဲ့ အရည်အချင်း ရှိပြီး ကူညီမှုတွေကို ပေးမှာ ဖြစ်တာကြောင့် ထူးခြားအောင်တော့ လုပ်နိုင်မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အတွက်ကိုလည်း သူက ထိန်းနိုင်ပါ့မလား ဆိုတာကို ကျွန်တော် သိချင်မိပါတယ်။
ကျွန်တော်တို့ မကြာခင်မှာ တွေ့ရတော့မှာ ဖြစ်ပါတယ်" လို့ သူက နယ်သာလန် သတင်းစာ De Telegraaf အတွက် ရေးသား ထားပါတယ်။ ယူနိုက်တက်ဟာ ဗီအက်စ်ဗွီက ဂတ်ပိုကိုခေါ်ယူခဲ့မယ်ဆိုရင် ပိုကောင်းမှာပါလို့ ဗန်မာဝိတ်က ပြောပါတယ်။ "အန်တိုနီထက် ဂတ်ပိုက ရုပ်ပိုင်းဆိုင်ရာမှာ ပိုကောင်းပါတယ်။ အသင်း အတွက် အသေအကြေ ကစားပေးဖို့ စိတ်လည်းရှိပါတယ်။ သဘာဝအရတော့ ဖန်တီးရှင် ကစားသမားတွေ တော်တော်များများက ငပျင်းတွေပါ။ ဂတ်ပိုက အန်တိုနီထက် ကျော်ကြားမှု နည်းတာကြောင့် ဘရာဇီးသားရဲ့ ဈေးနှုန်းက များပြားနေတာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။ တန်ဟက်ရဲ့ အသင်းဟာ ကြာပသတေးနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လက်စတာစီးတီးနှင့် ကစားရမှာဖြစ်ပါတယ်။
Crd:
ဘောလုံးဖိုက်တာများစုဝေးရာ
''Fighter''