17/09/2020
အောင်မြင်သူ နှင့် မအောင်မြင်သူ
➖⭕️➖⭕️➖⭕️➖⭕️➖
တစ်ချို့လူများ အောင်မြင်ကြသည်။ အများစုက မအောင်မြင်ကြ။
အဘယ်ကြောင့်နည်း-----
အောင်မြင်သူ သည် မိမိ ဘာကိုအလိုရှိကြောင်း ကောင်းစွာသိသည်။ အလိုရှိရာကို ရယူရန် နည်းလမ်း အကြံအစည်လည်း ရှိသည်။ မိမိ၌ ရယူ နိုင်စွမ်းရှိသည် ဟုလည်း ယုံကြည်သည်။ ပြီး မိမိ နေ့စဉ်ဘ၀၏
အချိန်ကာလအများစုကို မိမ်ိလိုရာ ရရှိရေးကိစ္စထံတွင် နှစ်မြုပ်သုံးစွဲသည်။
မအောင်မြင်သူ ၌ ဘ၀ရည်မှန်းချက် တိတိကျကျမရှိ။ အောင်မြင်မှု မအောင်မြင်မှု ဟူသည် ကံအကြောင်း တရားသာ ဖြစ်သည်ဟု သူ ယုံကြည်သည်။ ထို့ကြောင့် မလွှဲမရှောင်သာသည့်အခါ မျိုးမှတစ်ပါး ကိုယ်စွမ်းကိုယ်စ ထုတ်လေ့မရှိ။
အောင်မြင်သူ သည် စည်းရုံးရေးသမားကောင်းဖြစ်သည်။ မိမိ ပစ္စည်း မိမိအလုပ်ကို အစွံထုတ်ရောင်းချတတ်သူဖြစ်သည်။ မိမိလုပ်ငန်းအစီအစဉ်တွင် သူတစ်ပါးတို့ အားတက်သရော ဝိုင်း၀န်းပါ၀င်လာအောင် စည်းရုံးသိမ်းသွင်းတတ်သူဖြစ်သည်။
မအောင်မြင်သူ ကား အပြစ်ရှာသမားဖြစ်သည်။ တစ်ဖက်သား စေတနာပျက်အောင် လုပ်သူမျိုးဖြစ်သည်။ မိမိနှင့်ဆက်ဆံရသူ မှန်သမျှထံ အဆိုးမြင်စိတ်တွေ ကူးစက်ပျံ့နှံ့အောင် သူ အားထုတ်နေတတ်သည်။
အောင်မြင်သူ သည် စဉ်းစားပြီးမှ စကားပြောသူဖြစ်သည်။ သူ့စကားလုံးတွေကို အလွန်ချင့်ချိန်သည်။ တစ်ဖက်လူများနှင့် ပတ်သက်၍ နှစ်သက်စရာ ချီးကျူးစရာများကို အထူးဂရုပြုဖော်ထုတ်သည်။ မိမိ မနှစ်သက်သည်ကို တတ်နိုင်သမျှ သိမ်းဆည်း သိုသိပ်သည်။ ဝေဖန်ပြစ်တင်စကား မဆိုမိအောင် သတိထားသည်။
မအောင်မြင်သူ ကား ၎င်းနှင့် ဆန့်ကျင်ဘက်။ မစဉ်းစား စကားတွေပြောမည်။ သူ့စကားကြောင့် တစ်ဖက်လူ စိတ်ထိခိုက်ရမည်။ မိမိကို မုန်းတီးစေမည်။ အဲသည်က ဆင့်ပွားလာသည့် ဆိုးကျိုးတွေကို မိမိပင် တစ်
နေ့ခံစားရမည်။
အောင်မြင်သူ သည် အကြောင်းကိစ္စရပ်များနှင့် ပတ်သက်၍ ပြည့်စုံလုံလောက်စွာ သိရှိပြီးသည့်အခါမှသာ ယင်းတို့နှင့် စပ်လျဉ်းသည့် မိမိအမြင်ကို သူတစ်ပါးရှေ့၌ ကျိုးကြောင်းသင့်မြတ်စွာ တင်ပြပြောဆိုသည်။
မအောင်မြင်သူ ကား သေချာစွာ စူးစမ်းလေ့လာမှု မပြုဘဲ ဝေဖန်မည်။ မှတ်ချက်ချမည်။ မိမိ လုံး၀နားမလည်သည့် ကိစ္စကိုလည်း ၀င်ရောက်စွက်ဖက်ပြောဆိုမည်။
အောင်မြင်သူ သည် အချိန်ကိုလည်းကောင်း၊ ငွေကိုလည်းကောင်း စနစ်တကျ စီမံခန့်ခွဲသုံးစွဲသည်။
မအောင်မြင်သူ ကား အချိန်ကိုတန်ဖိုးမထား။ ငွေကိုလည်း မလေးစား။ ပစ်စလက်ခတ် ပရမ်းပတာ ဖြုန်း
တီးပစ်တတ်သည်။
Original up-loader ( < --- Credit )
Shared from ရေးမိရေးရာလေးများ (FB)
Dhamma Wizayaမျှဝေဗဟုသုတ