05/09/2025
⛩⛩ ချစ်ဂေပွမ် ဟုတ်ကျန့်မင်နန်ရိုးရာကန်တော့ခြင်း အစီအစဥ်
🟦 ကန်တော့ရက်
အဓိကနေ့ကြီး
၆.၉.၂၀၂၅ စနေနေ့ တော်သလင်းလပြည့်နေ့
ချစ်ဂေး တရုတ် ၇လပိုင်း တစ်လလုံး ကန်တော့၍ရသည်
၂၃.၈.၂၀၂၅ မှ ၂၁.၉.၂၀၂၅ အထိ
သို့သော် ယခုနောက်ပိုင်း အဓိကနေ့ကြီးပြီး နောက်ပိုင်း ၁၅ရက်မှာ ကန်တော့ခြင်း နည်းသွားပါသည်
🖤❤ ချစ်ဂေပွမ်သည် ကွယ်လွန်သူများကို ဦးစားပေးကန်တော့သည့် ရိုးရာကန်တော့ပွဲ ဖြစ်သည့်အတွက်
- ဘိုးဘေးကန်တော့ခြင်း ( ပိုင့်ကျော့ရှန်း )
- မွန်ခေါက်ကုန်း / အောက်ဘေ့ကုန်း ( ဟို့ညာတီ ) ဟောက်မွန်ခေါက်
ထိုရိုးရာ ၂ ခုကို အဓိက ကန်တော့ရပါမည်
🟦 မနက်ပိုင်း မွန်းမလွဲမီ ကန်တော့မည့် ဟုတ်ကျန့်မင်နန်ရိုးရာများ
၁. ဘုရား နှင့် ဖူဆများ
၂. ကျောက်ကွန်ကုန်း မီးဖိုနတ်အပါအဝင် အိမ်ရှိ ရိုးရာနတ်များ
၃. ပိုင့်ကျော့ရှန်း ဘိုးဘေးကန်တော့ခြင်း
၄. တေ့ကီကျူ (စာစကား တိကျု) မြေရှင်နတ် / အိမ်စောင့်နတ်
🟦 မွန်းလွဲပြီး ညနေပိုင်း ကန်တော့ရမည့် ဟုတ်ကျန့်မင်နန်ရိုးရာများ
၅. မွန်ခေါက်ကုန်း / အောက်ဘေ့ကုန်း [ ဟို့ညာတီ ] ဟောက်မွန်ခေါက်
အိမ်နားတဝိုက်မှ လမ်းပေါ်မှ ကောင်းသောညီအစ်ကိုများ
၆. ထောလီကုန်း ( ထူတိကုန်း မြေစောင့်နတ်ဘိုးဘိုး )
ဟောက်မွန်ခေါက် တွင် တခါတည်း တွဲကန်တောခြင်း အချို့ရှိပါသည်
၇. ပိုင့်ချင်ဘု ( ဟောက်ပိုး )
၁၆ နှစ်အောက်ကလေးအိပ်ရာစောင့် နတ်မယ်မယ်
🟦 ချစ်ဂေပွမ်ကန်တော့ပွဲ၏ အဓိကရိုးရာမုန့်
ကီကျမ် = ပြာရည်ထုပ် ( ရိုးရိုး ကောက်ညှင်းထုပ် )
ဘ့ကျမ် = အသား ကောက်ညှင်းထုပ် ( ဝက် / ကြက် )
🟥 ၁. ဘုရား နှင့် ဖူဆများ
ဖယောင်းတိုင် အနီ ၂ တိုင် အမွေးတိုင် ၃ တိုင် ရေနွေး ၃ ခွက်
ကီကျမ် မုန့် သစ်သီး
တွာကင်း ကင်ကျွ ( ရွေစက္ကူအကြီး ရွှေစက္ကူအသေး )
🟥 ၂. ကျောက်ကွန်ကုန်း မီးဖိုနတ်အပါအဝင် အိမ်ရှိ ရိုးရာနတ်များ
ဖယောင်းတိုင်အနီ ၂တိုင် အမွေးတိုင် ၃တိုင် အရက် ၃ခွက်
ရှင်လေ့
စန်လေ့ သို့မဟုတ် ဂေါ်လေ့ ( အသား ၃မျိုး သို့မဟုတ် ၅မျိုး )
ရှင်လေ့ကို အသား ၃မျိုး ၅မျိုး မလုပ်ဘဲ ခေါက်ဆွဲ ဝက်ပြုတ်တမြှောင်း ဘဲဥပြုတ် ၁လုံး လုပ်လျှင်လည်းရပါသည်
ကီကျမ် ဘ့ကျမ် ဟွက်ကေ့ အန်ကူး
မုန့် သစ်သီး
ယို သို့မဟုတ် ယိုခုံ
တွာကင်း ကင်ကျွ ကင်ကျီး ( ရွှေစက္ကူ အကြီးအသေး ရွှေအကြွေစေ့စက္ကူ )
🟥 ၃. ဘိုးဘေးကန်တော့ခြင်း ( ပိုင့်ကျော့ရှန်း )
ဘိုးဘေးကန်တော့ခြင်းကို 拜祖先 ပိုင့်ကျော့ရှန်း ဟုသုံးနှုံးကြသည်
ပိုင် = to pay respect
ကျော့ = ဘိုးဘေး
ရှန် = ဘိုးဘေးကိုးကွယ်ခြင်း
🔸 ကြိုတင် အကြောင်းကြားခြင်း
( အဓိကနေ့ကြီးတွင် ကန်တော့ပါက ကြိုတင်အကြောင်းကြားစရာမလိုပါ )
မနက်ဖြန် ကန်တော့မည့်အကြောင်းကို မတိုင်ခင်ညတွင် အိမ်ရှေ့အပေါက်ဝမှနေ၍ အမွေးတိုင်ဖြင့်ကန်တော့၍ " အန်းကျော့ ထိုက်ကုန်းထိုက်မ အန်းကုန်းအန်းမ ပါပါးမာမား ” စသဖြင့် မနက်ဖြန် ချစ်ဂေပွမ် စားပွဲနဲ့ အရိုအသေပေးပါမည် ဆိုသည်ကို ဖိတ်ကြားပြောပါမည်
🔸 ကန်တော့၍ရသော နေရာများ
- ဘိုးဘေးကန်တော့ရန်ပြုလုပ်ထားသော စာတိုင်၊ ဓာတ်ပုံရှေ့
သို့မဟုတ်
- အိမ်ရှေ့အပေါက်ဝ
🔸 ကန်တော့မည့်အချိန်
မွန်းမလွဲခင် ၁၂ နာရီမထိုးမီ
ကန်တော့နေရင်း ၁၂ နာရီကျော်သွားလို့ရပါသည်
🔸 ကန်တော့ခါနီး ကြိုရန်
ကန်တော့စားပွဲပြင်ပြီးပါက ရွေစက္ကူတရွက် နဲ့ ငွေစက္ကူတရွက်ကို အိမ်ဝင်ဝတွင်ရှို့ရပါမည်
" အန်းကုန်း အန်းမ - - - ချစ်ဂေပွမ် စားပွဲနဲ့ အရိုအသေပေးမှာမို့ ကြွရောက်ပါ " လို့ပြော
ပြီးလျှင် ကန်တော့စားပွဲဆီ ပြန်လာပြီး အမွေးတိုင်ထွန်းပြီး ရောက်ပြီလားဆိုသည်ကို ပွာပွေးပါမည်
ဖယောင်းတိုင်မထွန်းရသေးပါ
သစ်သားတုံး မရှိလျှင် အကြွေစေ့သုံးလို့ ရပါသည်
ပွာ လိုက်လို့
တခါနဲ့ ခေါင်းပန်း မရလျှင် ခနစောင့် ပြီးလျှင်ထပ်လုပ်ပါ
စိန့်ပွေး ခေါင်းပန်း ရပြီဆိုမှ ဖယောင်းတိုင်အနီ စထွန်းပြီး ကန်တော့ပါမည်
ထမင်းထည့်ထားသော ပန်ကန်လုံး အရက် တူ
၃ / ၅ / ၇ / ၈ / ၁၂ / ၂၄ ကြိုက်သည့် အရေအတွက်
ဟင်း ၆ပွဲ သို့ ၁၂ပွဲ သို့ အဆင်ပြေသလို ( ၉ပွဲ မသုံးကြပါ )
ရှင်လေ့ ( စန်လေ့ သို့မဟုတ် ဂေါ်လေ့ )
ကီကျမ် ဘ့ကျမ် ဟွက်ကေ့ အန်ကူး
မုန့် သစ်သီး ယို သို့မဟုတ် ယိုခုံ
ဖယောင်းတိုင်အနီ ( တနှစ်မပြည့်သေးလျှင် အဖြူ )
အမွေးတိုင်
( ဘိုးဘေးကန်တော့လျှင် အမွေးတိုင်ကို အမွေးတိုင်ခွက်တွင် စိုက်ရမည်၊ ပန်းကန်များတွင် အမွေးတိုင် မစိုက်ရပါ )
ဂင်ကျွ ( ငွေစက္ကူ )
ပေကျီး ( ငွေအကြွေစက္ကူ )
ကင်အီး ( အင်္ကျီဘောင်းဘီ အသုံးအဆောင်စက္ကူ )
ဘဏ်ပိုက်ဆံစက္ကူ ( ဒေါ်လာလို့ခေါ်ကြ )
အုံစိမ်ကျီး ( အကျွတ်အလွတ်ဂါထာ စက္ကူ )
ကုန်တိတ်ကင်း ဘိုးဘေးကန်တော့ ရွှေစက္ကူ ( ကုန်တိတ်ကင်းက နေရာတိုင်းမှာ မရနိုင်၍ နတ်များကို ကန်တော့တဲ့ ကင်ကျွ ရွှေစက္ကူ သုံးလို့ရပါသည် )
ကွယ်လွန်သူ တနှစ်မပြည့်သေးလျှင်ရွှေစက္ကူ မရှို့ပေးရပါ
** ကန်တော့ပွဲသိမ်းမည်
အန်ကုန်းအန်းမ - - ဝ တို့အရိုအသေပေးတာ ကြေနပ်မှုရှိပြီး ပြီးစီးပြီလားဆိုသည်ကို ပွာပါမည်
" ပွာလိုခီ ကျရွန်ပွေး " ခေါင်းပန်း ပေးပါလို့ ပြောတာ
ရပြီဆို စက္ကူမီးရှို့ အရက်နဲ့ဝိုင်း
ကန်တော့ပွဲ ပန်းကန်အားလုံးတွင် အန်ကျွ စက္ကူအနီ ထည့်လိုလျှင် ထည့်၍ရသည်
🟥 ၄. တေ့ကီကျူ (စာစကား တိကျု)မြေရှင်နတ်/အိမ်စောင့်မြေစောင့်နတ်
မိမိနေသောနေရာအိမ်၏ မြေရှင်နတ် မြေစောင့် အိမ်စောင့်နတ်ဖြစ်သည်
ကန်တော့ချင်လည်းရသည် မကန်တော့လည်းရပါသည်
ကန်တော့မည်ဆိုလျှင် မီးဖိုခန်း၏နံရံ သို့မဟုတ် အပေါက်ဝ ပြူတင်းပေါက်ဝ တွင် စားပွဲခုံ အနိမ့် အသေးဖြင့် ကန်တော့၍ရသည်
အိမ်အတွင်းဘက်မှာသာ ကန်တော့ရမည် အိမ်အပြင်ဘက်တွင်မကန်တော့ရပါ
တေ့ကီကျု သည် အိမ်အောက်ပိုင်း မြေပြင်နှင့် နီးကပ်စွာရှိသည်ဟု ယူဆသောကြောင့် မြေပြင်နှင့် နီးစပ်သော အနိမ့်စားပွဲ သို့မဟုတ် ကြမ်းပြင်ပေါ် တွင်သာ ကန်တော့လေ့ရှိကြသည်
ဘိုးဘွားကန်တော့သကဲ့သို့ မြင့်မားသော စားပွဲများပေါ်တွင် မကန်တော့ရပါ
ကန်တော့ပစ္စည်းမှာ
ထမင်း ၂ လုံး တူ ၂စုံ အရက် ၂ခွက်
ရှင်လေ့
ကီကျံ ဘကျံ
သစ်သီး မုန့်
ကင်ကျွ ရွေစက္ကူ ဖယောင်းတိုင် အနီ ၂ အမွေးတိုင် ၃ တိုင်
အချို့ ဖယောင်းတိုင်မထွန်းပါ
** တေ့ကီကျူသည် လူမျိုးခြားနတ်ဖြစ်နိုင်သော်လည်း ယခုထိုနေရာတွင်နေထိုင်သူသည် ဟုတ်ကျန့်မင်နန်လန် ဖြစ်သည့်အတွက် မင်နန်ရိုးရာအတိုင်းသာ ကန်တော့ပါမည်
** တေ့ကီကျူ ကို အိမ်အသစ်ဆောက်ခါနီးတွင်လည်း ကန်တော့လေ့ရှိသည်
အိမ်ပြောင်းတော့မည် ဆိုလျှင်လည်း အိမ်ဟောင်းတွင် ကန်တော့သွားကြသည်
🟥 ၅. မွန်ခေါက်ကုန်း ( သို့ ) အောက်ဘေ့ကုန်း [ ဟို့ညာတီ ]
အိမ်နားတဝိုက်မှ လမ်းပေါ်မှ ကောင်းသော ညီအစ်ကိုများ
🔸 ဟောက်မွန်ခေါက် ဟု သုံးနှုံးသည်
🔸 門口公( 孝門口好兄弟 )
မွန်ခေါက်ကုန်း ( ဟောက်မွန်ခေါက် ဟို့ညာတီ )
အိမ်အပေါက်ဝတွင် ကောင်းသောညီအကိုများအား ကိုးကွယ်ပါ
🔸 ချစ်ဂေပွမ်ကန်တော့ပွဲကြီး၏ အလေးထားကန်တော့ရမည့် ရိုးရာဖြစ်ပါသည်
🔸 ကန်တော့မည့်နေရာ
အများအားဖြင့် အိမ်ရှေ့ အပေါက်ဝတွင် ကန်တော့ကြသည်
ရှေးမူအတိုင်း အိမ်နောက်ဖေးမှာ ကန်တော့သည်လည်း ရှိသည် ( အောက်ဘေ့ကုန်း )
🔸 ကန်တော့မည့်အချိန်
မွန်းလွဲလျှင် ကန်တော့၍ ရပါပြီ
အများအားဖြင့် ညနေ ၂နာရီနောက်ပိုင်း ကန်တော့ကြသည်
မွန်ခေါက်ကုန်း / အောက်ဘေ့ကုန်းကို ကြိုစရာမလိုပါ
ပွာပွေးစရာမလိုပါ
အရက် တူ ( ၄ စုံနှင့်အထက် စုံဂဏန်း )
ထမင်းကို ပန်းကန်လုံးဖြင့်ထည့်စရာမလိုပါ
ထမင်းအိုးလိုက် ထည့်ပါမည်
ဟင်း ၆ပွဲ သို့မဟုတ် သင့်တော်သလို
ရှင်လေ့ ( စန်လေ့ ) ( မနက်ပိုင်းနတ်များကန်တော့ထားသော ရှင်လေ့ ပြန်သုံး၍ရသည် )
ကီကျံ ဘ့ကျံ ဟွက်ကေ့ အန်ကူး
မုန့် သစ်သီး
ယို
ခုတ်ထားသောကြံပိုင်း၊ ဆေးလိပ်၊ ဆန်တောင်း ထည့်ကန်တော့၍ရသည်
ဖယောင်းတိုင်အနီ ၂ တိုင်
အမွေးတိုင် (မွန်ခေါက်ကုန်း ကန်တော့လျှင် အမွေးတိုင်ကို တစ်ပန်းကန် တစ်တိုင် စိုက်ရမည် )
ဂင်ကျွ ( ငွေစက္ကူ )
ပေကျီး ( ငွေအကြွေစက္ကူ )
ကင်အီး ( အင်္ကျီဘောင်းဘီ အသုံးအဆောင်စက္ကူ )
ဘဏ်ပိုက်ဆံစက္ကူ ( ဒေါ်လာလို့ပြောတဲ့စက္ကူ )
ကုန်တိတ်ကင်း ( ဘိုးဘွားကန်တော့ ရွှေစက္ကူ )
ကန်တော့ပွဲ ပန်းကန်များတွင် အန်ကျွ စက္ကူအနီ ထည့်လို့ရသည်
🔸 ကန်တော့ပွဲသိမ်းမည်
စက္ကူရှို့သည့်ထဲသို့ အမွေးတိုင်အားလုံး ထည့်ရှို့ရမည်
ထမင်း၊ ဟင်း ၊ ချိုင် (အရွက်) ၊ တွာမီ (ခေါက်ဆွဲ)
နဲနဲစီယူပြီး စက္ကူရှို့တဲ့ထဲ ထည့်ရှို့ရမည်
🟥 ၆. ထောလီကုန်း ( ထူတိကုန်း မြေစောင့်နတ်ဘိုးဘိုး )
ဟောက်မွန်ခေါက်တွင် တခါတည်းတွဲကန်တော့ခြင်း အချို့ဟုတ်ကျန့်မင်နန်လန်တို့ အယူရှိသည်
🔸 စားပွဲ၏ ခေါင်းရင်းဘက်တခြမ်းကို ထောလီကုန်း
ခြေရင်းဘက်ခြမ်းကို မွန်ခေါက်ကုန်း အတွက်ဟူ၍ ခွဲကန်တော့သည်
အချို့က စားပွဲအသေးတလုံးဖြင့် ထောလီကုန်းကို သတ်သတ်ကန်တော့သည်
🔸 ထိုသို့ ကန်တော့လျှင် ထောလီကုန်းအတွက်
အရက် ၃ခွက် ရှင်လေ့ ဟင်း၂ပွဲ
ကီကျံ ဘ့ကျံ ဟွက်ကေ့ အန်ကူး
ဖယောင်းတိုင်အနီ ၂တိုင်၊ အမွေးတိုင် ၃တိုင်
ကင်ကျွ၊ ကင်ကျီး
🟥 ၇. ပိုင့်ချင်ဘု ( ဟောက်ပိုး )
၁၆ နှစ်မပြည့်သေးသော ကလေးအိပ်ရာစောင့် နတ်မယ်မယ်
🔸 ညနေပိုင်းကန်တော့ပါမည်
ညနေ ၅နာရီနောက်ပိုင်း ပိုကောင်းပါသည်
ကလေးအိပ်သော အိပ်ရာပေါ်တွင် ကန်တော့ရမည်
အိပ်ရာဘေးတွင် စားပွဲနှင့် မကန်တော့ရ
ခေါင်းအုံး စောင်များ ကိုသပ်ရပ်စွာခေါက်ထားရပါမည်
ခေါင်းအုံး စောင်များကို မဖယ်ရပါ
အမွေးတိုင် ၃ တိုင်၊ ဖယောင်းတိုင် မထွန်းရပါ
( အချို့က အမွေးတိုင်ပါမထွန်းပါ)
ထမင်းပုဂံတလုံး နဲ့ တူတစုံ
ဟင်းတပုဂံ ( ဘ့အွမ်း ဝက်သားလုံး )
ကီကျံ
🔸 ကီကျံ ကို အထုပ်လိုက်မကန်တော့ရပါ
ဝါးရွက်တွေဖြည်ပြီး ကီကျံ၏ ထောင့်ချွန်းလေးများကို ဖြတ်တောက် ဖယ်ရှားရပါမည်
ပြီးလျှင် အပ်ချည်အသုံးပြု၍ အပိုင်းပိုင်းဖြတ်လိုက်ပါ
ကပ်ကြေး နဲ့ ညှပ်လည်းရပါသည်
ထို့နောက် အပေါ်က သကြား ဖြူးရပါမည်
ကင်ကျွ ရွှေစက္ကူ
ကင်ကျီး ရွှေအကြွေစေ့စက္ကူ
🟦 ကန်တော့မည့်ဟုတ်ကျန့်မင်နန်ရိုးရာများ နှင့် ကန်တော့ပွဲများကို ပိုစ့်တွင်ပြည့်စုံစွာဖြင့် လိုင်းပေါ်တွင် ကာလကြာရှည်စွာ ကျန်ခဲ့စေရန်အတွက် စုံအောင် ရေးထားပါသည်
မိမိနှင့် အဆင်ပြေသလို ကန်တော့သည့်ရိုးရာ နှင့် ကန်တော့ပစ္စည်းကို မိမိစိတ်ပါသလောက်သာလုပ်ပါခင်ဗျာ
🟦 မိမိ၏ ပေးနိုင်သောအချိန် နှင့် ငွေကြေးကို ချင့်ချိန်ပြီး ရိုးရာကန်တော့ကြပါ
🟦 ဟုတ်ကျန့်မင်နန်ဘိုးဘေးတို့၏ ချစ်စရာကောင်းသော စိတ်ဝင်စားစရာကောင်းသော ထူခြားသည့် ရိုးရာအယူများကို ဆက်လက်ထိမ်းသိမ်းကြပါမည်
🟦 အယူတော့မသီးပါနှင့်ခင်ဗျာ
Please share
No copy
ကမ်းမ်ရှာ Kám-siā
陈天福
တန်ထျန်ဟုတ် ( သိန်းသန်း - ပဲခူး )
福建 閩南人 ( 缅甸 )
Hokkien Minnan People ( Myanmar )
ဟုတ်ကရန့် မင်နန်လန် ( မြန်မာ )
page
#ဖူကျန့်